နိဒါန်း
စာရေးသူ(အရှင်ဂုဏိန္ဒ)သည် တရားဟော၊ အမျှဝေပေးရခြင်း စသောအကြောင်းများကြောင့် ဒကာ, ဒကာမများ၏ အသုဘကိစ္စကို သုသာန်အမျိုးမျိုးသို့ လိုက်ပို့ခဲ့ရသည်။
ရှိတော့ရှိသား အလွန်ရှား
အသုဘတိုင်းလိုလိုပင် တည်ငြိမ်အေးချမ်းသော အသွင်ကိုဆောင်သော အသုဘကား "ရှိတော့ရှိသည် အလွန်ရှားသည်" ဟုဆိုရပေမည်။ ထိုသူများ ဤသံဝေဂ အိတ်ဆောင်ပါ တရားစာ၊ တရားကဗျာများကို ဖတ်မှတ်ဆောင်ထား လိုက်နာကျင့်သုံးကာ စိတ်၏သက်သာရာ ရစေချင်ပါသည်။ တရားနှင့်ဖြေပါလျှင် မပြေနိုင်သောအရာ မရှိပါ။
အသုဘသွား တဟားဟား
အသုဘလိုက်ပို့သူများမှလည်း အသုဘမရှု သံဝေဂ မပွား တဟားဟား တဝါးဝါးနှင့် စကားလက်ဆုံကျ အားရပါးရ ပြောနေကြသည်။ အင်မတန် စိတ်ပျက်စရာကောင်းသော မြင်ကွင်းဖြစ်သည်။ အသုဘရှင်များကိုလည်း အားနာရမှန်း မသိသောလူများဖြစ်သည်။ မြန်မာလူမျိုးတို့၏ စိတ်ကို အများကြီး ပြင်ပေးရဦးမည်။
ရင်တွင်းမှာ အစဉ်သွင်းပါ
အသုဘပို့သူများကိုလည်း သံဝေဂစိတ်၊ သံဝေဂမြင်ကွင်း ရင်တွင်းမှာ အစဉ်သွင်းထားကြပါဟု မှာကြားလိုပါသည်။
အထက်ပါ အပူသည် အသုဘရှင်များနှင့် အသုဘပို့သူများ၏ မြင်ကွင်းကို အဓိကအခြေခံကာ ဤစာအုပ်ပေါ် ပေါက်လာခြင်းဖြစ်ပါသည်။
အမှန်တွေပြ သံဝေဂ
ဇာတိ ဇရာ အစရှိသော သံဝေဂဝတ္ထု ၈-ပါးတွင် တစ်ပါးပါးကို အကြောင်းပြု၍ ထိတ်လန့်ခြင်းကို "သံဝေဂ" ဟု ခေါ်ဆိုရသည်။ သံဝေဂဆိုသည်မှာ တကယ်တော့ ထိတ်လန့်အောင် အမှန်တွေပြသည့် တရားများပင် ဖြစ်သည်။
သံဝေဂ ၈-ပါး
ထိတ်လန့်မှုသံဝေဂဖြစ်ကြောင်းတရားရှစ်ပါးမှာ-
ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ အပါယ်ဆင်းရဲ၊ အတိတ်ဝဋ်ဆင်းရဲဘေး၊ ယခု ပစ္စုပ္ပန်ဘဝ၌ အစားအစာရှာဖွေရခြင်း ဆင်းရဲဘေးတို့ဖြစ်သည်။ အထက်ပါ ဆင်းရဲဘေးများနှင့် တွေ့ကြုံရသောအခါ စိတ်သက်သာရာရအောင် တရားနှင့် ဖြေတတ်စေရန် ရည်စိတ်သန်ကာ ဤ "သံဝေဂအိတ်ဆောင်" (ခေါ်) အပူငြိမ်းအေးဖြေဆေးတစ်ခွက် ကို ထုတ်ဝေဒါနပြုပါသည်။
အရှင်ဂုဏိန္ဒ ဆင်ဖြူတောင်စာသင်တိုက် သာကေတ၊ ရန်ကုန်။ ဖုန်း-၅၄၀၈၅၀
No comments:
Post a Comment