"မိဘက သားသမီးကိုဆဲတာ ဖရုသဝါစာ ဖြစ်သလား ကိုလေး"
"ဘာဖြစ်လို့မေးတာလဲ ညီမလေးရဲ့"
"ဒီလိုလေ ကိုလေးရဲ့၊ ဖရုသဝါစာဆိုတာ ဒုစရိုက် (၁၀) ပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်နေတယ်လေ၊ ဒုစရိုက် (၁၀) ပါးကို ကျူးလွန်တဲ့သူဟာ အပါယ် ကျတယ်မဟုတ်လား၊ မိဘတွေက သားသမီးကို ဆဲတဲ့အခါ ဖရုသဝါစာဖြစ်ရင် မိဘတွေ အကုန်လုံး အပါယ် ကျကုန်တော့မှာပေါ့"
"ငါ့ညီမကတော့ ကြံကြံဖန်ဖန် တွေးပြီး ကြံကြံဖန်ဖန် မေးတတ်တယ်၊ အေးပေါ့.....မေးမယ် ဆိုလည်း မေးစရာပဲ၊ ထားပါတော့လေ၊ ခုနက ညီမလေးမေးတဲ့ ဒုစရိုက် (၁၀) ပါးကို အရင်ရေပြပါဦး"
"ဟာ ..... ကိုလေးကလည်း ဒုစရိုက်(၁၀)ပါး သိပြီးသားပါ"
"သိပြီးသားမပြောနဲ့၊ လက်တွေ့ အကောင်အထည် ဖော်ပြပါ"
"ကိုလေးဟာ သက်သက် အထင်သေးတာပဲ ကဲ ... ရေပြမယ် ....
ကိုယ်၌အဖြစ်များသော ကာယကံ(၃)ပါး
၁။ ပါဏာတိပါတ
၂။ အဒိန္နာဒါန
၃။ ကာမေသုမိစ္ဆာစာရ
နှုတ်၌အဖြစ်များသော ဝစီကံ(၄)ပါး
၎။ မုသာဝါဒ
၅။ ပိသုဏဝါစာ
၆။ ဖရုသဝါစာ
၇။ သမ္ဖပ္ပလာပ
ကိုယ်နှင့် နှုတ်မပါဘဲ စိတ်၌သာ အဖြစ်များသော မနောကံ(၃)ပါး
၈။ အဘိဇ္ဈာ
၉။ ဗျာပါဒ
၁၀။ မိစ္ဆာဒိဋ္ဌိ ပေါင်း (၁၀) ပါးပေါ့"
"အေး ..... ဟုတ်ပြီ၊ အဲဒီ ဒုစရိုက်(၁၀)ပါးကို အကုသလကမ္မပထ(၁၀)ပါးလို့ ခေါ်တယ်။ (အကုသလကမ္မ-အကုသိုလ်ကံ၊ ပထ-အပါယ်ရောက်ကြောင်းလမ်း) အပါယ်သို့ ရောက်ကြောင်း မကောင်းသောလမ်းဖြစ်သော အကုသိုလ်များလို့ အဓိပ္ပါယ် ရတယ်။
အဲဒီ(၁၀)ပါးထဲက တစ်ပါးပါးကို ကျူးလွန်ရင် အပါယ်ကျ ရောက်ရတယ်၊ ကျူးလွန်လို့ အပါယ်ကျ ရောက်ရတဲ့ သာဓက ဝတ္ထုတွေလည်း အများကြီး ရှိတယ်"
"ဟုတ်ကဲ့ ကိုလေး"
"ဖရုသဝါစာရဲ့ အနက်က ကြမ်းတမ်းသော စကားပဲ၊ အဋ္ဌကထာမှာ ဖွင့်ထားတာက လွှသွားကို ကိုင်တွယ်တဲ့အခါ ကြမ်းတမ်းသော အတွေ့ကို ထိတွေ့ ရသလို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုလိုက်တဲ့အတွက် ကြားရသူ တစ်ဖက်သားအဖို့ နားမခံသာ နှလုံးမသာ ရှိလှအောင် အခံရခက်တဲ့ စကားမျိုးတဲ့၊ ဖရုသဝါစာ ဖြစ်ဖို့ အင်္ဂါ(၃)ပါး ရှိတယ်၊ ဘာတွေလဲဆိုတော့ ...
၁။ စိတ်ဆိုးခြင်း
၂။ ဆဲရေးအပ်သူ (အဆဲခံရသူ)
၃။ ဆဲရေးခြင်းတို့ဖြစ်တယ်၊ အဲဒီ အင်္ဂါ(၃)ပါးနဲ့ ညီညွတ်မှ ဖရုသဝါစာလို့ ခေါ်ဆိုနိုင်တယ်၊ ကြမ်းတမ်းသော စကားလို့ဆိုတဲ့နေရာမှာ စေတနာသာ အဓိက လိုရင်းပဲ ညီမလေးရဲ့၊ စေတနာမှာလည်း ဒေါသနဲ့ ယှဉ်တဲ့ စေတနာဖြစ်တဲ့အတွက် ဖရုသဝါစာဟာ ဒေါသကို အခြေခံပြီး ဖြစ်ရတတ်တယ်လို့ ဆိုထားတယ်။ ကြမ်းတမ်းတဲ့ စကားတိုင်းကို ဖရုသဝါစာလို့ မဆိုနိုင်သလို စကားသံမှာ ကြားရသူ တစ်ဖက်သား အဖို့ နူးညံ့တယ်လို့ ယူဆရပေမယ့်၊ ဖရုသဝါစာ ဖြစ်နေတတ်တယ်၊ အဲဒီအကြောင်းကို အဋ္ဌသာလိနီ အဋ္ဌကထာနဲ့ သီလက္ခန်အဋ္ဌကထာ ဖရုသဝါစာ အဖွင့်မှာ သာဓကဝတ္ထုတွေနဲ့ ဆုံးဖြတ်ပြထားတာ စိတ်ဝင်စားဖို့ကောင်းတယ်"
"ဆက်ပါအုံး ကိုလေးရဲ့"
"ကဲ ဆက်တာပေါ့၊ စကားကြမ်းတမ်းပေမယ့် ဖရုသဝါစာမဖြစ်တဲ့ ဝတ္ထုလေးကို အရင်ပြောပြမယ်"
"ဟုတ်ကဲ့"
"တစ်ခါက သူငယ်လေးတစ်ယောက်ဟာ တောထဲသွားဖို့ ဟန်ပြင်တယ်၊ အဲဒီမှာ မိခင်ဖြစ်သူက မသွားဖို့ အတန်တန် တောင်းပန်တယ်၊ ဒါပေမဲ့ သားဖြစ်သူ သူငယ်က မိခင်ရဲ့စကားကို ဂရုမစိုက်ဘူး၊ တောကို သွားဖို့ပဲ ပြင်ဆင်နေတယ်၊ ဒီအခါမှာ မိခင်က သားကို တောထဲမသွားစေလိုတဲ့အတွက် 'နင့်ကို ကျွဲရိုင်းမကြီး လိုက်ခတ်ပါစေ'လို့ ဆဲရေး ကြိမ်းမောင်း လိုက်တယ်၊ မိခင်က ဘယ်လောက်ပဲ ဆဲရေးကြိမ်းမောင်းကြိမ်းမောင်း နာခံမှု မရှိဘူး၊ တောထဲကိုပဲ ထွက်သွားတယ်၊ အံ့သြစရာပဲ တောထဲရောက်တော့ မျှော်လင့်မထားဘဲ ကျွဲရိုင်းမကြီးက မိခင်ဆဲရေးလိုက်တဲ့အတိုင်း သူငယ်ကို လိုက်ခတ်ပါလေရော။ အဲဒီအခါကျတော့မှ သူငယ်က မိခင်ရဲ့ စကားကို မနာယူမိတဲ့အတွက် နောင်တရမိတော့တယ်။ ဒီတော့ သားငယ်က ဘာမှ မစဉ်းစားမနေတော့ဘူး။ သစ္စာဆိုလိုက်တယ်၊ 'မိခင်သည် ငါ့ကို တောသို့မသွားစေလိုသည့်အတွက် စိတ်ဆိုး၍ ပြောမိသောစကားသာ ဖြစ်၏။ ငါ့ကို ကျွဲရိုင်းမသည် ငါ၏နောက်သို့ မလိုက်စေသတည်း' အဲဒီလို သစ္စာဆိုတဲ့စကား ဆုံးတာနဲ့ ကျွဲရိုင်းမဟာ ရောက်တဲ့နေရာမှာပဲ ရပ်ပြီး ရှေ့ဆက်မတိုးတော့ဘူး၊ တိုင်မှာ ချည်ထားတဲ့အတိုင်း ငြိမ်နေတော့တာပဲ၊ ဒီလိုနဲ့ အဲဒီသူငယ် အသက်ချမ်းသာရာ ရသွားတာပေါ့။
အဲဒီဝတ္ထုကိုကြည့် မိခင်ရဲ့စကားက သိပ်ကြမ်းတမ်းနေတယ်၊ ဒါပေမဲ့ သားငယ်အပေါ်မှာ ကျွဲရိုင်းမ ခတ်စေလိုတဲ့စေတနာ မပါဘူး၊ သားငယ်တောကို မသွားစေလိုလို့ လတ်တလောပြောလိုက်ရတဲ့ စကားဖြစ်တယ်၊ အဋ္ဌကထာမှာ မိခင်ရဲ့အတွင်းစိတ် နူးညံ့နေတဲ့အတွက် ဖရုသဝါစာ မဖြစ်ဘူးလို့ ဆုံဖြတ်ထားတယ်။ ဆရာသမားတွေ တပည့်ကိုငေါက်တဲ့ ဆဲတဲ့အခါ တော်စေ တတ်စေလိုလို့ ဆဲတာ ငေါက်တာ ဖြစ်တဲ့အတွက် ဖရုသဝါစာ မဖြစ်ဘူး။
အထက်က ပြောခဲ့တာက စကားကြမ်းတမ်းပေမယ့်၊ ဖရုသဝါစာ မဖြစ်ပုံကို ပြောပြတာ၊ နောက်စကား နူးညံ့နေပေမယ့် ဖရုသဝါစာ ဖြစ်ပုံကို ဆက်ပြ ထားသေးတယ်"
"ဖရုသဝါစာ ဖြစ်ပုံကို ဆက်ပါဦး ကိုလေး"
"လူတစ်ယောက်ဟာ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်တယ်၊ အဲဒီတော့ ဘုရင်က ရာဇဝတ်သားကို သတ်ပစ်ဖို့ အလိုရှိတယ်၊ ဒါပေမဲ့ အမိန့်ချတဲ့ နေရာ ကျတော့ မျက်နှာ ပြုံးပြုံးရွှင်ရွှင်နဲ့ 'ဤရာဇဝတ်သားကို ချမ်းသာစွာ သိပ်ထားလိုက်ကြ' လို့ အမိန့်ချလိုက်တယ်၊ တကယ်တော့ ဒါသေမိန့်ချလိုက်တာပဲ၊ ဒါကိုဘေးက ဝန်ကြီးတွေ၊ အမတ်တွေကလည်း သိတယ်၊ အဲဒါကိုကြည့် ဘုရင်ပြောလိုက်တဲ့စကားက ကြားရသူ တစ်ဖက်သားအဖို့ နားချမ်းသာစရာပဲ၊ အတွင်းစိတ် စေတနာကတော့ အလွန် ကြမ်းကြုတ်နေတဲ့အတွက် ဖရုသဝါစဖြစ်ကြောင်း ဆုံးဖြတ်ပြထားတယ်"
"ဒါဆို ဖရုသဝါစာမှာ စေတနာက အဓိက လိုရင်းပေါ့နော် ကိုလေး"
"ဟုတ်တယ် စေတနာက အဓိကလိုရင်းပဲ၊ ဖရုသဝါစာ အဆုံအဖြတ်နဲ့ ပတ်သက်ပြီး ဆက်ပြ ထားသေးတယ်။"
"ဆက်ပါဦး .... ကိုလေး"
"အဆဲခံရတဲ့သူဟာ သီလ သမာဓိ ပညာစတဲ့ ဂုဏ်မရှိရင် သိပ်အပြစ်မကြီးပါဘူးတဲ့၊ သီလ၊ သမာဓိ၊ ပညာ စတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို ဆဲမိရင်တော့ အပြစ်က သိပ်ကြီးလေးလှပါတယ်တဲ့၊ ဒီတော့ ဖရုသဝါစာ မဖြစ်အောင်နေပေါ့ ညီမလေးရယ်၊ ကဲ ဒီနေ့တော့ တော်လောက်ပြီ"
"ဟုတ်ကဲ့ ကိုလေး"
ရဝေနွယ်(အင်းမ) (ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ)
No comments:
Post a Comment