Sunday, September 16, 2012

မာရ်နတ်၏ တပ်မကြီး(၁၀)တပ်

ယခု မာရ်နတ်၏ တပ်မကြီး ဆယ်တပ်ကို တစ်တပ်ခြင်းအဓိပ္ပါယ် ရှင်းပြအံ့။ 'အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ' ဟူသော အာရုံငါးပါး၊ ကာမဂုဏ်တရားများသည် မာရ်နတ်၏ ပထမဆုံး တပ်မကြီးဖြစ်၏။ တိုက်နှင့်၊ ကားနှင့်၊ တီဗွီနှင့်၊ အောက်စက်နှင့်နေရလျှင် လူဖြစ်စေ၊ ရဟန်းဖြစ်စေ အလွန်ပျော် စေ၏။

အနိစ္စမမြဲခြင်းဟူသော အသံမျိုးကို လာဘ်တိတ်သည်ဟုဆိုကာ ကြားပင် မကြားလိုကြ ၀ိပဿနာတရားကို နာကြားရှုပွားဖို့ကား ဝေးကွာလွန်းလှ၏။ ၀ိပဿနာတရားကို လိုက်စားခြင်းမပြုဘဲ တိုက်ပေါ်၊ ကားပေါ်၌ပင် တစ်ဘ၀ ပြီးသွားကြရသော လူနှင့်ရဟန်းများသည် ပထမဆုံးတပ်မှာပင် ကျဆုံးသွားသူများဖြစ်၏။


မာရ်နတ်၏ ဒုတိယတပ်ကား တရားအလုပ်၌မပျော်ပိုက်ခြင်း 'အရဟိ' ပင်ဖြစ်၏။ ကာမဂုဏ်မှ ခွာရှောင်ပြီး ရဟန်းပြုလာပါလျှက် ၀ိပဿနာအလုပ်၌မပျော်ပိုက်ဘဲ ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ ဓာတ်ရိုက်ခြင်း၊ ဂဏန်းပေးခြင်း၊ အင်းသောက် မှော်ဝင်ခြင်း၊ ၀ိဇ္ဇာလမ်းလိုက်ခြင်းတို့ဖြင့် အချိန်ကုန်သွားသူများသည် မာရ်နတ်၏ ဒုတိယတပ်၌ ကျဆုံးသွားခြင်းပင်ဖြစ်၏။

မာရ်နတ်၏ တတိယတပ်ကား 'ခုပ္ပိပါသ' ဖြစ်၏။ ရှေးစာများ၌ 'နွားငတ်ရေကျ' ဟု ဘာသာပြန်ကြ၏။  ရေငတ်နေသော နွားတစ်ကောင်ကို ချောင်းထဲချပေးလိုက်လျှင် တခြား မည်သည့်အရာကိုမှ အာရုံမစိုက်တော့ဘဲ ရေကိုအငမ်းမရသောက်သကဲ့သို့- တရားခွင်သို့ ရောက်နေပါလျက် တရားရဖို့အဓိကမထားဘဲ အစားအစာကို အဓိကထားသဖြင့် မဂ်ဖိုလ်မှ လွဲကြရသူများကို ဆိုလိုခြင်းဖြစ်၏။ ညနေစာ ငတ်မှာစိုးသောကြောင့် တရားစခန်းမ၀င်သောသူများ၊ တရားပြကောင်းသော်လည်း အစားအစာ မကောင်းသောကြောင့်ဟုဆိုကာ တရားစခန်းမ၀င်သောသူများသည် မာရ်နတ်၏ တတိယတပ်မ၌ ကျဆုံးသူများပင်ဖြစ်၏။

လယ်တီဆရာတော်ကြီးက 'ရဟန်းဖြစ်စေ၊ လူဖြစ်စေ မိမိစွမ်းနိုင်သမျှ 'ဓုတင်' ကို ဆောက်တည်သင့်သည်။ ဓုတင် ဆောက်တည်ဖူးမှ မဂ်ဖိုလ်ကိုရသည်။ ယခု ဘ၀ မဂ်ဖိုလ်ရသူများသည် အရင်ဘ၀များက ဓုတင်ဆောက်တည်ဖူးသောကြောင့်ဖြစ်သည်' ဟု ရေးသားခဲ့၏။

ဓုတင်သည် 'ကိလေသာကို ခါတွက်ခြင်း' ဟု အဓိပ္ပါယ်ရ၏။ ကိလေသာ မြန်မြန် ကုန်ရေးအတွက် ဓုတင်သည် များစွာအထောက်အပံ့ဖြစ်စေ၏။ တစ်ခွက်တည်းသာ စားခြင်း-'ပတ္ထပိုဏ်ဓုတင်' ၊ တစ်ထပ်တည်းသာ စားခြင်း-'ဧက သနိက်ဓုတင်' တို့သည် လူ၊ ရဟန်းအားလုံး ဆောက်တည်နိုင်သော ဓုတင်များဖြစ်၏။

သို့သော် တရားထက် အစားကိုဦးစားပေးကြသော ယောဂီများသည် ဓုတင်ကိုမဆောက်တည်ချင်ကြ။ ဤသို့ မဆောက်တည်နိုင်ခြင်းသည် မာရ်နတ်၏ တတိယတပ်မတွင် ကျဆုံးခြင်းပင်ဖြစ်၏။ မာရ်နတ်၏ တတိယတပ်ကို ကျော်လွန်နိုင်သူအား စတုတ္ထမြောက်တပ်က ဆက်လက်တိုက်ခိုက်ပြန်၏။

မာရ်နတ်၏ စတုတ္ထမြောက်တပ်ကား ၀ိပဿနာတရား နာကြားရှုပွားခြင်း အလုပ်အပေါ် 'ပျင်းရိငြီးငွေ့လာခြင်း' ပင် ဖြစ်၏။ ၀ိပဿနာတရား နာကြားရှုပွားခြင်းသည် အပါယ်ဘေးမှ ကင်းဝေးမည့်အလုပ်၊ နိဗ္ဗာန်ချမ်းသာကို ရမည့်အလုပ်ဖြစ်၍ ပျင်းရိစရာအကြောင်းမရှိ။ သို့သော် မာရ်နတ်၏ စတုတ္ထတပ်နှင့် အတိုက်ခံရလျှင် ယောဂီသည် အလိုလို ပျင်းရိလာတတ်၏။

သာဓက နှစ်ခုပြအံ့။ ရန်ကုန်မှ အသက်(၅၀)ကျော်ခန့်ရှိ ဇနီးမောင်နှံ နှစ်ယောက်တို့သည် တောရွာတရားစခန်းပွဲ တစ်ခုတွင် ၀င်ရောက် တရားအားထုတ်ရင်း သဘောကျသဖြင့် လူဝတ်ကြောင်ကိုစွန့်၍ အပြီးအားထုတ်တော့မည်ဟု ဆုံးဖြတ်ကာ တိုက်တာ ခြံမြေ၊ အတွင်းပစ္စည်းမျိုးစုံကို သားသမီးများအား အမွေခွဲဝေပေးပြီး လင်သားဖြစ်သူက ရဟန်းဝတ်၊ ဇနီးဖြစ်သူက သီလရှင် ၀တ်လိုက်၏။

သို့သော် မာရ်နတ်က စတုတ္ထတပ်မနှင့် တိုက်ထုတ်သောကြောင့် (၁)နှစ်ကျော်ခန့် အကြာမှာပင် နှစ်ယောက်စလုံးလူဝတ်လဲပြီး ဆင်းရဲပင်ပန်းစွာဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီးနေကြ၏။ သာသနာ့ဘောင်မှာ တရားနဲ့သာနေမည် ဆိုလျှင် ယခု ဘ၀လည်း ချမ်းသာ၊ နောင်ဘ၀လည်း ချမ်းသာမည်ဖြစ်၏။

ထိုသို့သောဘ၀တွင် မပျော်မွေ့ဘဲ စားဝတ်နေရေး ကျပ်တည်းလှသည့်အတွက် ယခုဘ၀လည်း ဆင်းရဲ၊ အပါယ်ကျပြီး နောင်ဘ၀၌လည်း ဆင်းရဲနိုင်သည့် နေရာတွင်မှ ပျော်မွေ့ခြင်းသည် မိမိ၏ ပကတိစိတ်ကြောင့် မဟုတ်၊ မာရ်နတ်၏ စတုတ္ထတပ်မကြောင့်သာ ဖြစ်ကြောင်း သတိကြီးစွားထားသင့်၏။

စာပေအရာ၊ ၀ိနည်းအရာတွင် ထင်ရှားကျော်ကြားလှသော ဂိုဏ်းချုပ် ဆရာတော် တစ်ပါးသည်လည်း မာရ်နတ်၏ စတုတ္ထတပ်မကြောင့် တောထဲတွင် တစ်ဝါပင် မဆိုနိုင်ဘဲ ကျောင်းတိုက်သို့ ပြန်ပြေးခဲ့ရဖူး၏။

ဆရာတော်ကြီး သံဝေဂရကာ တောထွက်ပြီး တရားကျင့်လိုသဖြင့် တပည့်, ဒကာ, ဒကာမများ အတန်တန်တားသည့် ကြားထဲမှ တစ်ပါးတည်း တောထွက်ခဲ့၏။ သည်ဘ၀-သည်ခန္ဓာနှင့် အပြတ်ဟု ဆုံးဖြတ်ချက်ချပြီး ကျောင်းကန်တိုက်တာများကို တပည့်များအား အပြီးအပိုင် စာချုပ်စာတမ်းနှင့် လွဲအပ်ခဲ့၏။

တပည့်, ဒကာ, ဒကာမများ အတင်းထည့်ပေးလိုက်သောကြောင့် ကပ္ပိယ တစ်ယောက်လိုက်ပါလာပြီး လိုအပ်တာများပြုစုပေး၏။ တောထဲရောက်ကာစ တစ်လလောက်တွင်ကား ဆရာတော်ကြီးသည် အချိန်ပြည့် ရှုမှတ်ပွားများ အားထုတ်နေ၏။ ဆရာတော်ကြီးသည် ကာမ, အရတိ, ခုပ္ပိပါသ ဟူသော မာရ်နတ်၏ တပ်သုံးခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်၏။ ထိုအခါ မာရ်နတ်က တရားအလုပ် လုပ်ရမှာ ပျင်းရိလာ စေသော 'တန္ဒီ' ဟူသော စတုတ္ထတပ်မနှင့် တိုက်တော့၏။

ဆရာတော်ကြီး၏ ပကတိစိတ်မဟုတ်တော့ဘဲ 'တန္ဒီ' ဟူသော ပျင်းရိသည့်စိတ်က ၀င်လာသောအခါ ဆရာတော်ကြီးသည် တရားအားထုတ်ချင်စိတ် ပျောက်သွား၏။ ကျောင်းတိုက်ကိုပဲ ပြန်သွားချင်နေ၏။ သက်တော်(၇၀)ရောက်မှ ကလေးစိတ်ကဲ့သို့ အခုတောထွက်ချင် အခုကျောင်းပြန်ချင်ဟု သူတစ်ပါးက ကဲ့ရဲ့မှာလည်း သူတော်ကောင်းပီပီ ရှက်ကြောက်ရှာ၏။ ထို့ကြောင့် ကျောင်းတိုက်သို့ ပြန်ချင်သည်ကို မည်သူ့မှလည်းမပြောရဲဘဲ နေ့စဉ် စိတ္တဇဝေဒနာသည်တစ်ယောက်လို ငေးငေး ငိုင်ငိုင် ဖြစ်နေရှာ၏။

လအတော်ကြာသောအခါ ဆရာတော်ကြီးသည် မစားနိုင်မအိပ်နိုင် ဖြစ်သည်အထိ တောထဲမှာ နေရသည်ကို ငြီးငွေ့လာ၏။ ပျင်းရိလာ၏။ သည်လိုနှင့် ၀ါတွင်းကာလသို့ ရောက်ခဲ့လေပြီ။ စာတတ်ပေတတ် ၀ါတော်(၅၀)ကျော်ဖြစ်နေပြီ ဖြစ်သည့် ဆရာတော်ကြီးတစ်ပါးကိုပင် တရားအလုပ် ဆက်မလုပ်ဖြစ်အောင် ဖျက်ဆီးပစ်သည်မှာ မာရ်နတ်၏ စတုတ္ထတပ်မပင်ဖြစ်၏။ ဆရာတော်ကြီးသည် နောက်ဆုံးတွင် ၀ါကျွတ်အောင်ပင်မစောင့်နိုင်ဘဲ ကျောင်းတိုက်သို့ပြန်ကြွသွားခဲ့၏။

စတုတ္ထတပ်ကို ကျော်လွန်နိုင်သောယောဂီအား မာရ်နတ်သည် ပဉ္စမတပ်မနှင့် အသေတိုက်ပြန်၏။ ပဉ္စမတပ်မကား 'ထိနမိဒ္ဓ' ပင်ဖြစ်၏။ ရှေးစာများတွင် ထိနမိဒ္ဓကို စိတ်၊ စေတသိက်တို့၏ လေးလံထိုင်းမှိုင်းခြင်းဟု ပြန်ဆို၏။ ခေတ်လူငယ်များ နားလည်အောင် ရေးရလျှင် ၀ိပဿနာတရားကို နာကြားနေသည့်အခါ၊ ရှုပွားနေသည့်အခါ အိပ်ချင်လာမှု ငိုက်မျည်းလာမှုပင်ဖြစ်၏။

မာရ်နတ်၏ ပဉ္စမတပ်နှင့် ကိုယ်တိုင်ကြုံတွေ့ဖူး၏။ အိပ်ယာတွင် ခြင်ထောင်ချပြီးသည်နှင့် ကိုယ့်တရားကိုယ် ရှုမှတ်နေလိုက်၏။ မိနစ်(၂၀)ခန့်သာ ရှိသေးသည်၊ ဣနြေ္ဒပျက်လောက်အောင် အိပ်ချင်လာ၏။ အချိန်ကား သိပ်ညဥ့်နက်သေးသည် မဟုတ် ည(၁၀)နာရီခန့်သာရှိသေး၏။ သည်လောက်အိပ်ချင်နေမှတော့ အိပ်လိုက်တာကောင်းသည် ဟုဆုံးဖြတ်ပြီး လှဲအိပ်လိုက်၏။ အံ့သြစရာကောင်းပေစွ၊ အိပ်ရာပေါ် လှဲလိုက်သည်နှင့် အိပ်ချင်စိတ်လုံးဝ မရှိတော့ အိပ်၍လည်း မပျော်ပေ။ ထို့နောက် ပြန်ထိုင်ပြီး တရားဆက်မှတ်၏။

မိနစ်အနည်းငယ်အတွင်း တအားအိပ်ချင်လာပြန်သဖြင့် လှဲအိပ်လိုက်ပြန်၏။ သို့သော် အိပ်မပျော်။ ဤသို့ သုံးကြိမ်တိုင်အောင် ဖြစ်ခဲ့၏။ ထိုအချိန်က အဘယ်ကြောင့် ဤသို့ဖြစ်မှန်းမသိခဲ့။ အမှန်ကား မာရ်နတ်၏ ပဉ္စမတပ်နှင့် အတိုက်ခံရခြင်းသာဖြစ်၏။ ထိုကဲ့သို့ အတိုက်ခံရပါက ထိုင်ခြင်းဣရိယာပုထ်ကို ဖျက်၍ စင်္ကြံလျှောက်ခြင်း ဣရိယာပုထ်ဖြင့် ဆက်လက်ရှုပွားသင့်၏။

မာရ်နတ်၏ ပဉ္စမတပ်ကို သတိမပြုမိသော တရားပြဆရာများသည် ယောဂီများကို တစ်နာရီမပြည့်မချင်း ဆက်ထိုင်စေ၏။ အိပ်ချင်စိတ် အားကြီး နေလျှင် တရားဘက် စိတ်မရောက်၊ ထိုင်ရင်းပင် အိပ်ပျော်သွားတတ်၏။ ထိုအခါမျိုးတွင် ယောဂီ အခြေအနေကိုကြည့်ပြီး စင်္ကြံလျှောက်ပြီး ရှုမှတ်ခိုင်းသင့်၏။ တစ်နာရီ ထိုင်ပြီး အိပ်ငိုက်နေမည့်အစား နာရီဝက် စင်္ကြံလျှောက်ပြီးရှုမှတ်ခြင်းက ယောဂီ အတွက် အကျိုးကြီးကြောင်းကို တရားပြဆရာများ သတိပြုသင့်၏။

မာရ်နတ်၏ ဆဋ္ဌမမြောက်တပ်မကား 'ဘီရူ' ခေါ် ကြောက်ရွံ့ထိတ်လန့်ခြင်း ဖြစ်၏။ တရားဆက်အားထုတ်လျှင် ရူးများသွားမလား၊ ကျန်းမာရေးများ ထိခိုက်မလား၊ အသက်များ တိုမလား စသည်အားဖြင့် ကြောက်ရွံ့စရာများကို တွေးပြီး တရားအလုပ်ကို ဆက်မလုပ်နိုင်ခြင်းသည် မာရ်နတ်၏ ဆဋ္ဌမမြောက်တပ်မကြီး၌ ကျဆုံးခြင်းပင်ဖြစ်၏။ တိတ်ဆိတ်သောနေရာ၌ အားထုတ်ခွင့်ရလျှင် ကြံဖန်ပြီး ကြောက်စိတ် လန့်စိတ်များ ပေါ်လာခြင်းသည်လည်း မာရ်နတ်၏ အနှောက်အယှက်ပင် ဖြစ်၏။

ကျန်းမာရေးနှင့် ပက်သက်၍ ကြောက်စိတ်၊ လန့်စိတ်များပေါ်လာလျှင် ဘုရားရှင်အပေါ် ကြည်ညိုသော သဒ္ဒါစိတ်၊ ယုံကြည်သော သဒ္ဒါစိတ်ဖြင့် ပယ်ဖျောက် အပ်၏။ မဟာဂရုဏာရှင်ဖြစ်သော မြတ်စွာဘုရားသည် သတ္တ၀ါများ ဆင်းရဲမည့်အကြောင်းကို ဘယ်သောအခါမှ ဟောတော်မူမည်မဟုတ်၊ ဗုဒ္ဓ ဟောကြားသည့်အတိုင်း လိုက်နာကျင့်ကြံလျှင် ချမ်းသာခြင်းသာ ဖြစ်စေရမည် ဟူသော သဒ္ဒါစိတ်မျိုး ကို ဆိုလိုသည်။ မကောင်းဆိုးဝါးများ အကြောင်းတွေး၍ ကြောက်လန့်သော စိတ်မျိုးကိုကား မေတ္တာဘာဝနာပွားပြီး ပယ်ဖျောက်အပ်၏။

မေတ္တာပွားနေသူအား မကောင်းဆိုးဝါးတို့သည် ကြောက်လန့်ဖွယ် အဆင်း ကို ပြ၍မရ။ ထို့ကြောင့် မေတ္တာသုတ်၌ 'နေ၀ဒေဿန္တိဘီသနံ' ဟု ဟောတော်မူ ခြင်းဖြစ်၏။ မေတ္တာဘာဝနာရှိသူအား မကောင်းဆိုးဝါးတို့သည် နှောက်ယှက်ခြောက်လှန့်မှု မပြုသည့်အပြင် လိုအပ်သော အကူအညီကိုပါ ပေးတတ်ကြောင်း အထောက်အထားကို မေတ္တာသုတ်နိဒါန်း၌ တွေ့ရ၏။ သံယုတ်ပါဠိတော် 'သတ္တိသုတ်' ၌ လည်း မေတ္တာပွားသူအား မကောင်းဆိုးဝါးတို့ မနှိပ်စက်နိုင်ပုံကို ယခုလို ဟောကြားထား၏။

'ရဟန်းတို့၊ ဥပမာကား အသွားထက်သောလှံကို လက်ဝါးဖြင့်သော်လည်းကောင်း၊ လက်ဆုပ်ဖြင့်သော်လည်းကောင်း ဖျစ်ညှစ် ဆုပ်ကိုင်သော ယောက်ျားသည် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရာသကဲ့သို့-ထို့အတူ မေတ္တာတရားကို လေ့လာပွားများသော ရဟန်း၏ စိတ်ကို ပျံ့လွင့်စေရန် ကြံသော မြေဘုတ်ဘီလူးသည် ဆင်းရဲပင်ပန်းခြင်းကိုသာ ရောက်ရ၏။ ထိုကြောင့် သင်တို့သည် မေတ္တာစိတ်ကို လေ့လာပွားများရန် လေ့ကျင့် အားထုတ် အပ်၏။' ဟူ၍ ဟောကြားတော်မူခဲ့သည်။

ဆဋ္ဌမမြောက်တပ်မကို ကျော်လွန်လာနိုင်သော ယောဂီအား မာရ်နတ်သည် သတ္တမမြောက်တပ်မဖြင့် တိုက်ခိုက်ပြန်၏။

သတ္တမမြောက်တပ်မကား တရားအပေါ် ယုံမှားခြင်း '၀ိစိကိစ္ဆာ' ပင်ဖြစ်၏။ ၀ိစိကိစ္ဆာသည် အတွေးအခေါ်ရှိသော ပညာရှိယောင်ဆောင်၍ လူသားကို လှည့်ပတ်တတ်၏။ မည့်သည့်နည်းဖြင့် ၀ိပဿနာကို နာကြားရှုပွားသည် ဖြစ်စေ သဒ္ဒါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ တရားများ တိုးပွားလာမည်ဆိုလျှင် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာများ နည်းပါးသွားမည်ဆိုလျှင် ဗုဒ္ဓ၏ တရားစစ်တရားမှန် ဟု ဆုံးဖြတ်နိုင်၏။

သတ္တမမြောက်တပ်မကို ကျော်လွှားလာသော ယောဂီအား မာရ်နတ်သည် အဋ္ဌမမြောက်တပ်မဖြင့် တိုက်ခိုက်ပြန်၏။ အဋ္ဌမမြောက်တပ်မကား သူ့ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ' နှင့် တစ်စင်တစ်ဂိုဏ်းထောင်ပြီး ဆရာကြီးလုပ်လိုခြင်း 'ထမ္ဘ' ပင်ဖြစ်၏။ ဘုရားရှင်၏ ကျေးဇူးတော် ၀ိပဿနာတရားတော်ကို ဟောကြား ရေးသားတော်မူကြသော ဆရာတော်အဆက်ဆက်တို့၏ ကျေးဇူးဂုဏ်များကို အောက်မေ့ သတိရခြင်းဖြင့် 'မက္ခ နှင့် ထမ္ဘ' ကို ချေဖျက်အပ်၏။

အဋ္ဌမမြောက်တပ်မကို ကျော်လွန်လာသောယောဂီအား မာရ်နတ်သည် န၀မမြောက်တပ်မဖြင့် ဆက်လက်တိုက်ခိုက်ပြန်၏။ မာရ်နတ်၏ န၀မမြောက်တပ်မကား 'လာဘ၊ သက္ကာရ၊ သိလောက' တို့ပင်ဖြစ်၏။ လာဘဟူသည် ပစ္စည်းလေးပါးကို အဆမတန်ပေါများအောင် လုပ်ပေးခြင်းဖြစ်၏။ သက္ကာရဟူသည် ပူဇော်ကိုးကွယ်သူများ ၀င်လာမစဲ တသဲသဲ ဖြစ်လာခြင်းပင်တည်း။ သိလောကဟူသည် နိုင်ငံအနှံ့ ကျော်ကြားစေခြင်းပင်ဖြစ်၏။ ဤကိုးခုမြောက်တပ်မသည် အလွန်သိမ်မွေ့၏။ မည်မျှထိ သိမ်မွေ့သနည်းဆိုလျှင် အတိုက်ခံရသူ ယောကီက အတိုက်ခံရမှန်းမသိလောက်အောင် သိမ်မွေ့၏။ လူပေါ်တွယ်တက်ပြီး- ထိုလူမသိအောင် သွေးတို့ကို တစ်ဝကြီးစုပ်သွားသော 'ကျွတ်' သတ္တ၀ါကဲ့သို့ပင်တည်း။

ဝိပဿနာတရားကို တစိုက်မတ်မတ် အားထုတ်နေသော ရဟန်းတစ်ပါးကို တွေ့ဖူး၏။ သူသည် မာရ်နတ်၏ တပ်မရှစ်တပ်ကို ကျော်လွန်ပြီးဖြစ်၏။ ထိုအခါ မာရ်နတ်က ကိုးခုမြောက်တပ်မဖြင့် တိုက်ခိုက်တော့၏။ ထိုရဟန်းသည် အလိုလို ကျော်ကြားလာ၏။ ပူဇော်သူ များလာ၏။ ပစ္စည်းလေးပါး မလိုချင်လောက်အောင် ပေါများလာ၏။ ရဟန်းကား ကိုးခုမြောက်တပ်မဖြင့် တိုက်ခိုက်ခံရမှန်း မသိရှာ။ လာဘ်လာဘ၊ အခြံအရံ၊ အကျော်အဇောအောက်တွင် ပျော်မွေ့နေ၏။ နောက်ဆုံးတွင် ၀ိပဿနာတရားပင် ဆက်အားမထုတ်တော့ဘဲ ဘုရားတည်သော ၀ိဇ္ဇာလမ်းဘက် ပြောင်းသွားခဲ့၏။ ယောဂီများ သတိပြုစရာပင်ဖြစ်၏။

မာရ်နတ်၏ ဆယ်ခုမြောက် နောက်ဆုံးတပ်မကား မိမိကိုယ်ကို ချီးမြှောက်ခြင်း 'အတ္တုက္ကံသန' နှင့် သူတစ်ပါးကို ရှုတ်ချခြင်း 'ပရ၀မ္ဘန' ဖြစ်၏။ တချို့ ၀ိပဿနာဆရာတော်များသည် လာဘ၊ သက္ကာရ၊ သိလောက ဟူသော ကိုးခုမြောက်တပ်ကို ကျော်လွန်လာသော်လည်း ဆယ်ခုမြောက်တပ်မှ ကျဆုံးသွားတတ်၏။ 'ငါသိ ထားတာမှ အမှန်၊ အခြားအရာတွေ သိထားတာမှန်သမျှ အမှားသာဖြစ်သည်' ဟူသော အတွေး အခေါ် သည် 'အတ္တုက္ကံသနပရ၀မ္ဘန' ဟူသော ဆယ်ခုမြောက်တပ်မမှ ပေါ်ထွက်လာခြင်းပင်ဖြစ်၏။ ဤကား မာရ်နတ်၏ တပ်မကြီး ဆယ်တပ် ပင်ဖြစ်၏။

မေတ္တာရှင်(ရွှေပြည်သာ)၏(သညာသိ နှင့် ပညာသိ) စာအုပ်မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment