မာတာပိတု ဥပဋ္ဌာနံ၊ ဧတံမင်္ဂလမုတ္တမံ။
မိဘကို လုပ်ကျွေးပြုစုခြင်းသည်
မြတ်သောမင်္ဂလာမည်၏ ။
မြင်းမိုရ်ရွှေတောင် မိဘကျွေးကို၊
ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
တစ်ခါတုန်းကပေါ့၊ တစ်ခါတုန်းက ဆိုပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကပါ။ တက္ကသိုလ် ဆရာတစ်ယောက်က အသက်နှစ်ဆယ်ဝန်းကျင် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ အောက်ပါသမိုင်းရာဇဝင်လေး တစ်ခုကို ပြောပြပါတယ်။
"မင်းတုန်းမင်းကြီးလက်ထက်က ပညာရှိအမတ်ကြီး ဦးချိမ့်ဆိုတာရှိတယ်။ ဦးချိမ့်ဟာ သူ့အမေရဲ့ထဘီကို ကိုယ်တိုင်လျှော်ပေးတယ်။ အိမ်ဖော်လို့ခေါ်တဲ့ အခိုင်းအစေတွေရှိပေမယ့် ဘယ်တော့မှ မလျှော်ခိုင်းဘူးတဲ့။ သူ့ရဲ့လျှော်ပုံကတော့ သူ့အမေရဲ့ထဘီကို အင်တုံထဲမှာ တစ်ညဥ့် စိမ်ထားလိုက်တယ်။ မနက်ကျတော့မှ အင်တုံထဲထည့်ထားတဲ့ ထဘီကို နှိပ်ညှစ်ပြီး အင်တုံထဲမှာ ရှိနေတဲ့ ထဘီချေးရေတွေကို သွန်မပစ်ဘဲ သိမ်းထားလိုက်တယ်။ ထဘီကိုတော့ ဆက်လျှော်ပေါ့။
တအောင့်လောက်ကြာတော့ ထဘီစိမ်ထားတဲ့ အင်တုံထဲက အပေါ်ယံရေကြည်တွေကို သွန်ပစ်လိုက်တယ်၊ ဒီတော့ အင်တုံထဲမှာက ထဘီချေး အနှစ်ကလေးတွေ ကျန်နေခဲ့တယ်။ အဲဒီချေး အနှစ်ကလေးတွေကို နေလှမ်း၊ ခြောက်တဲ့အခါကျတော့ ကျောက်ပြင်မှာ မှုန့်အောင်ကျိတ်တယ်။ အမှုန့်ကလေးတွေ လည်းရလာရော သနပ်ခါးတို့နဲ့ ရောကျိတ်ပြီး နားပန်တယ်။ ပညာရှိအမတ်ကြီး ဦးချိမ့်ဟာ နန်းတော်ဘုရင့်ဆီ အခစားဝင်တဲ့အခါတိုင်း စောစောကပြောခဲ့တဲ့ အမေ့ထဘီချေးမှုန့်လေးတွေကို ပန်ပန် ဝင်လေ့ရှိတယ်တဲ့။ သူတို့ခေတ်ကတော့ နားပန်တာပေါ့လေ။
ပညာရှိအမတ်ကြီးဦးချိမ့်ဟာ အမေ့ထဘီချေးကို အမြဲပန်ခဲ့တာနဲ့ပဲ ဘဝမှာ အစစအရာရာ အဆင်ပြေခဲ့တယ်တဲ့။ ဘုရင်ကလည်း ဘွဲ့တွေအများကြီး ချီးမြှင့်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အီတလီစတဲ့ နိုင်ငံတွေကိုလည်း သံတမန်အနေနဲ့ သွားရောက်ခဲ့ရတယ်။ အဲဒီနိုင်ငံက နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ဆပ်ကပ် လိုက်တယ်တဲ့"
ဆရာလုပ်သူက တပည့်ကျောင်းသားကို ဦးချိမ့်အကြောင်းအပြင် တခြားရာဇဝင်တွေကိုလည်း လက်ဖက်ရည်သောက်ရင်းနဲ့ ဆက်ပြောပြနေပါသေးတယ်။
လက်ဖက်ရည်ဆိုင်ကပြန်တော့ တက္ကသိုလ်ကျောင်းသားဟာ သူ့ဆရာပြောတဲ့ ဦးချိမ့်အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် အိမ်ပြန်ရောက်ရောက်ချင်းပဲ အမေဖြစ်သူရဲ့ ထဘီကို ပုံးလေးတစ်ခုထဲမှာ စိမ်ထားလိုက်ပြီး ပညာရှိအမတ်ကြီး ဦးချိမ့် ပြုမူခဲ့တဲ့အတိုင်း ပြုမူတော့တာပါပဲတဲ့။
ဒီဘက်ခေတ်မှာတော့ ထဘီချေးမှုန့်လေးတွေနဲ့ ရောလိမ်းစရာ အလှဆီပစ္စည်းတွေက ယောက်ျားသုံး၊ မိန်းမသုံးဆိုပြီး အများကြီး ရှိနေပါပြီ။ ဒီတော့ တက္ကသိုလ်ကျောင်းသားဟာ ကျောင်းသွားခါနီးတိုင်း အမေ့ထဘီ ချေးမှုန့်လေးတွေကို သနပ်ခါးနဲ့ မျက်နှာမှာ လိမ်းလိမ်းသွားလေ့ ရှိပါသတဲ့။
တစ်နေ့တော့ နိုင်ငံခြားပညာတော်သင်လွှတ်ဖို့ ကျောင်းသားသုံးယောက် ရွေးချယ်မယ့်သတင်း ထွက်လာပါတယ်။ သုံးယောက်ပဲ လွှတ်မှာ ဆိုပေမယ့် အရွေးပြိုင်မယ့် ကျောင်းသားတွေက အယောက်တစ်ရာလောက် ရှိနေပါတယ်။
တက္ကသိုလ်ကျောင်းသားလေးလည်း မနက်ရောက်တာနဲ့ အမေ့ထဘီချေးမှုန့်လေးတွေကို မျက်နှာတင် မကတော့ဘဲ ခန္ဓာကိုယ်အထက်ပိုင်း တစ်ခုလုံးကိုလိမ်ပြီး ရေးဖြေ နှုတ်ဖြေတွေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ ပညာသင်လွှတ်ဖို့ ကျောင်းသားသုံးယောက် ရွေးချယ်တဲ့အထဲမှာ တက္ကသိုလ်ကျောင်းသားလေး ပါသွားတော့တာပါပဲ။
နောက်ဆက်တွဲ ထပ်သိရတာကတော့ အဲဒီ တက္ကသိုလ်ကျောင်းသားလေးဟာ (အခုတော့ လေးဆယ်ကျော် လူလတ်ပိုင်း တစ်ယောက်ပေါ့လေ) အမေ့ ထဘီကို ဒီနေ့အထိ လျှော်ပေးနေသလို အလုပ်အတွက် အရေးကြီးတဲ့ လူကြီးတွေနဲ့ တွေ့ဆုံရတဲ့ အခါမျိုးတွေမှာ အမေ့ထဘီချေးမှုန့်လေးတွေကို လိမ်းပြီးသွားလေ့ ရှိပါတယ်တဲ့။
ရယ်စရာပြောတာတော့ မဟုတ်ပါဘူး၊ သူချစ်တဲ့ကောင်မလေးကို ရည်းစားစကား သွားပြောတုန်းကလည်း အမေ့ထဘီချေးမှုန့်လေးကို လိမ်းပြီး သွားပြောလိုက်တာ အဖြေကို တစ်ခါတည်း တန်းရ ခဲ့ပါသတဲ့။
( ပညာယှိကြီးများအကြောင်း၊ မှော်ပီဆရာသိန်းကြီး)
ရဝေနွယ်(အင်းမ) (ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ)
No comments:
Post a Comment