Tuesday, August 21, 2012

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းတော်ထဲကို ဝင်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

"အရှင်ဘုရား.....ဘာများ အလိုရှိပါသလဲ ဘုရား"

"ငါအိပ်ဖို့ အခန်းကောင်းကောင်း တစ်ခု အလိုရှိတယ်"

"အို.......အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်း မဟုတ်ဘူး။ နန်းတော် ဘုရား"

"နေပါဦး၊ မေးပါဦးမယ်။ မင်းပြောတဲ့ ဒီ နန်းတော်မှာ မင်းအရင် ဘယ်သူနေသွားသလဲ"

"တပည့်တော်အရင် တပည့်တော်အဖေ နေသွားပါတယ်ဘုရား။ အခု တပည့်တော်အဖေ မရှိတော့ပါဘူး"

"မင်းအဖေအရင်ကော ဘယ်သူနေသွားသလဲ"

"တပည့်တော်အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား"

"မင်း အဘိုး အရင်းကော"

"တပည့်တော်အဘေး နေသွားပါတယ် ဘုရား"

"ဒါများကွာ... နန်းတော်တဲ့၊ မင်းအဖေလည်းနေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရဦးမယ်၊ ဒါ တည်းခိုခန်း မဟုတ်လို့ ဘာလဲကွာ"

ဂျပန်ဘုန်းကြီးရဲ့ စကားကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဘူးတဲ့ "သြော်.... ငါဟာ တည်းခိုခန်းမှာ နေနေပါလား" ဆိုတဲ့ အသိဥာဏ်သစ်တစ်ခု လင်းခနဲ ဝင်သွားပါတော့သတဲ့။
                                                                                               (ဂျပန်ဇင် ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်မပြထားပါဘူး။ ပုံပြင်လေးကတော့ ဒါပါပဲ။

တကယ်တော့ ဂျပန်ဘုန်းကြီး ပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ဝင်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန် ကြရမှာပါ။

ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရမလဲ.......?

လူ့သက်တမ်းကို ယေဘုယျ ၇၅ နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၆၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅ နှစ်ပဲ နေခွင့်ရတော့ မှာပါ။

လက်ကျန်အချိန်က နည်းနေပါပြီ။ ကျန်နေတဲ့ အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန် အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန် အရွယ် ဖြစ်နေပါပြီ။

ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင် နေဖို့က အဓိကပါ။

ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လို နေမလဲ.....?

ဒီမေးခွန်းကို နေ့တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။

ဒါဆို လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှု, အခြံအရံတွေနဲ့ တိုင်းတာ မလား။

ဒါတွေနဲ့ တိုင်တာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှု, အခြံအရံတွေတော့ ရှိပါရဲ့။ ဒါပေမဲ့ သိက္ခာသုံးပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ စသည်တွေလည်းရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့ အတိုင်း အလွန်ပါပဲ။

ဒါကို ထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ပညာ, အောင်မြင်ကျော်ကြားမှု, အခြံအရံတွေ မရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့် ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုး ရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ရုံပါပဲ။

မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ သွားလိုက်ပါ။ ပြီးတော့ ငါးပါးသီလ ယူလိုက်ပါ။ ဒါဆို သီလသိက္ခာ တည်သွားပါပြီ။ နောက်ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။ နောက်ဆက်ပြီး ဝိပဿနာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ခက်လား၊ မခက်ပါဘူး။ ဆယ်ငါးမိနစ်လောက်ပဲ အချိန် ပေးရပါတယ်။

ပြီးတော့ "ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိတာပဲ" လို့ အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။

နေ့ခင်းကျရင် တစ်ကြိမ် ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင် တစ်ကြိမ် ရွတ်လိုက်ပါ။ အသံနဲ့ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။

ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး ရောက်လာတာနဲ့ ကိုယ့်ရဲ့စိတ်ပါဝါ စွမ်းအားတွေလည်း အလိုလို ရောက်လာတာပါ။ တရားသံနဲ့ ပြောရရင် ကိုယ့်ကိုယ်ကို ကြည်ညို လာတာပါ။

ဘယ်သူဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီးဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါး ကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က အဓိကပါ။

အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျော့မတွက်ပါနဲ့။ အသံထဲမှာ စွမ်းအားတွေ ရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ကို သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့ စိတ်ဓာတ် တက်ကြွမှုကို ကူညီပါလိမ့်မယ်။

တစ်ခါတစ်လေ အဆင်မပြေမှုတွေ ကြုံတဲ့ အခါပဲ ဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲ ဖြစ်ဖြစ် အားငယ်စိတ် ဝင်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်၊ ဘာဖြစ်လဲ၊ သူ့ဟာသူ ကြိုက်သလောက် မုန်း၊ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအဝိုင်း မရှိဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသားဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက် ရဲ့ တန်ဖိုးကို အခြံအရံ အသိုင်းအဝိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ သိက္ခာသုံးပါးနဲ့ပဲ ဆုံးဖြတ်တာပဲ။

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်၊ အလုပ်နားတဲ့ အချိန်လေးတွေမှာလည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံး အိမ်သာတက်ရင် လည်း ဟိုဟိုဒီဒီတွေ တွေးမနေဘဲ ဂုဏ်တော်လေး ပွားတက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေ ဖြစ်နေတာပါ။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေ တည်နေတာပါ။

"ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုး ရှိနေတာပါပဲ" ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲကို သေချာထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိပ်ခန်းမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမြဲမြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် "ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုး ရှိနေတာပါပဲ" ဆိုတဲ့ စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ရဝေနွယ်(အင်းမ) (ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ)

No comments:

Post a Comment