နေက တဖြည်းဖြည်း မြင့်လာပြီ ဖြစ်တဲ့အတွက် ကျွန်ုပ်ကိုယ်မှာ ချွေးသံတွေ တရွှဲရွှဲ ဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက် လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့် မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ "ထိုတောအုပ်ထဲ ရောက်မှပဲ အမောအပန်းဖြေကာ ထမင်းထုပ်ကို စားတော့မည်" ဟူသော အတွေးဖြင့် အသွားနှုန်းကို အနည်းငယ် မြှင့်လိုက်မိသည်။
ကျွန်ုပ်၏ အမည်က ဆတ္တ၊ ဘာသာက ဗြဟ္မဏ (ဟိန္ဒူ) ဘာသာ၊ ဇာတိက သာကေတမြို့၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာ ပါမောက္ခ ဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင် ပူဇော်ရန်၊ တောအုပ်ကလေးထဲ ရောက်ခါနီး မိုင်တစ်ဝက်လောက် အလိုတွင် လွင်တီးခေါင်၌ စင်္ကြံလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည်။
ဘာသာချင်း မတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင်-
"ချစ်သား ဆတ္တ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူသော ကျွန်ုပ်ရဲ့ အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြား ရပါတော့တယ်၊ တောအုပ်ထဲ မြန်မြန် ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။
"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဥာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"
"သင်ချစ်သားအတွက် အပန်းမကြီးဘူး ဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"
"သြော်...လက်စသတ်တော့ ဂေါတမ ဗုဒ္ဓကိုယ်တော်တိုင် ဖြစ်နေပါလား၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဋ္ဌေးတွေ၊ ဘုရင်တွေရဲ့ အကိုးကွယ်ခံပြီး အေးအေးဆေးဆေး နေမယ်ထင်တာ၊ အခုတော့ ဒီလို မဟုတ်ပါလား၊ လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိ လာပြီး သာသနာ ပြုရှာပါလား၊ ပြီးတော့ ကျွန်ုပ်ထင်ထားတာက သူ့အယူဝါဒကို လက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာ၊ ကရုဏာ ထားမယ်ထင်တာ၊ အခုတော့ ဒီလို မဟုတ်ပဲ ဘာသာခြားဖြစ်တဲ့ ကျွန်ုပ်လို သာမန်ပုဂ္ဂိုလ်အပေါ်မှာတောင် မေတ္တာ၊ ကရုဏာ ထားပြီး လာရောက်နှုတ်ဆက် မေးမြန်း တရားဟော ရှာပါလား" ဆိုတဲ့ အတွေးကြောင့် အလိုလို ဒူးထောက်ပြီးသား ဖြစ်သွားတယ်။
ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်း မဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။
"အရှင် ဂေါတမ၊ အဲဒီလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွန်ုပ်မှာ ဘယ်လို ကောင်းကျိုးတွေ ခံစားနိုင်ပါသလဲ"
"ချစ်သား ဆတ္တ-ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ်၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ်၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ် အနာရောဂါနဲ့ သေရမယ် ဆိုတာရော ကြိုတင် သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက်, နေလည်, ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင် သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးတဲ့နောက် ဘယ်သင်္ချိုင်းမှာ သင်္ဂြုံဟ်မယ် ဆိုတာရော ကြိုသိ နိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံ ရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သား ဆတ္တ၊ ပုထုဇဉ်မှန်သမျှ အဲဒီ အခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီး မသိနိုင်ပါဘူး၊ အကယ်၍ သင် ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီ သရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်အချိန်သေသေ ပုထုဇဉ်တိုင်း ကြောက်ရွှံ့တဲ့ အပါယ်လေးဘုံ မရောက်တော့ပါဘူး"
"အို.....သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား" ကျွန်ုပ် သိပ်ပြီး အားရဝမ်းသာ ဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲအထိ ရောက်အောင်ကြွပြီး ကျွန်ုပ်လို သာမန် ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့ အကြောင်းတစ်ခု ရှိရမယ်ဆိုတာတော့ ကျွန်ုပ် သေသေချာချာ သတိထားလိုက်မိပါတယ်။
ဒါကြောင့်လည်း ကျွန်ုပ် ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကို ခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမ စကားလေးတစ်ခု ရှိတယ်။ အဲဒီ စကားလေးက-
"အလုပ်တစ်ခုကို အတ္တဟိတလား၊ ပရဟိတလား ဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်ပေါ်မှာ မေတ္တာ, စေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာရမယ်" တဲ့။
အခု ရှင်တော် မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲအထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွန်ုပ်အပေါ်မှာထားတဲ့ မေတ္တာ, စေတနာ ထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက်ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လည်း ဖြစ်တာပဲ မဟုတ်ပါလား။
နောက်တစ်ချက်က ဗုဒ္ဓရဲ့ မျက်နှာတော်မှာ ထင်နေတဲ့ မေတ္တာ, ကရုဏာ စေတနာဟာ ဘာသာ, လူမျိုး မခွဲခြားဘူးဆိုတာ ကျွန်ုပ်ရင်ထဲက အလိုလို သိနေတယ်လေ။ ကြည်ညိုစရာကောင်းလှတဲ့ ဗုဒ္ဓရဲ့ မျက်နှာတော်ကို အားရပါးရ ဖူးမြော်ကန်တော့ပြီး ကျွန်ုပ်ရဲ့ ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လည်း မိုင်ပေါင်းများစွာဝေးတဲ့ 'ဇေတဝန်ရွှေကျောင်း' ကို ပြန်ကြွတော်မူခဲ့ပြီပေါ့။
ကျွန်ုပ် နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွန်ုပ်ဆီကို ဘာ့ကြောင့် ကြွလာရတယ်ဆိုတဲ့ အဖြေကို ကျွန်ုပ် သိလိုက်ရပါပြီ။ တခြား ဟုတ်ပါရိုးလား။ ကျွန်ုပ်လာမယ့် သတင်းကို ကြိုရထားတဲ့ ခိုးသား, ဓားပြ ငါးရာတို့ ကျွန်ုပ်ကို မြင်တာနဲ့ တပြိုင်နက် အဆိပ်လူး မြားတွေနဲ့ ဝိုင်းပစ်လိုက်ကြတာ...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ-
လို့ သရဏဂုံ ဆောက်တည်ရင်းပဲ ကျွန်ုပ် ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲ ဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွန်ုပ် ဝမ်းမနည်းမိဘူး။ ဘာ့ကြောင့်လဲဆိုတော့ ငွေတစ်ကျပ် ဆုံးရှုံးရပေမယ့်၊ ကုဋေပေါင်းများစွာ ပြန်ရတဲ့ လူတစ်ယောက်လို လူ့ဘဝက ဆုံးရှုံးသွားရပေမယ့် သေခါနီးမှာ ကပ်ပြီး ဆောက်တည်ခဲ့တဲ့ 'သရဏဂုံ ကုသိုလ်' ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်း အသက်ရှည်တဲ့ တာဝတိံသာ နတ်ပြည်ကို ရောက်ခဲ့ရလို့ပါပဲ။ ကျွန်ုပ်လို ဘာသာခြားတစ်ယောက်တောင် သေခါနီးလေးမှ ကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံ ကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်း သရဏဂုံ ဆောက်တည်နေကြတဲ့ 'ဗုဒ္ဓဘာသာဝင်' တွေကတော့ ကျွန်ုပ်ထက် သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏ တွေးကြည့် နေမိတာပါပဲ။
မှတ်ချက်။ ။ ဝိမာနဝတ္ထု အဋ္ဌကထာ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)အရှင်ဇဝန (သရဏဂုံအစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ)
No comments:
Post a Comment