Monday, August 20, 2012

ဝမ်းတွင်းစုန်း နှင့် သရဏဂုံရှင်

မြေလတ်ပိုင်း၊ မြင်ကွန်းမြို့နယ်၊ တောရွာတစ်ရွာ၌ ဆရာကြင်ခေါ် ဆီဆုံဆရာကြီးတစ်ယောက်ရှိသည်။ ဆီဆုံဆိုသည်မှာ မြေပဲ၊ နှမ်းတို့ကို ဆီထွက်အောင် နွားတပ်၍ ကြိတ်ရသော သစ်သားဆုံကြီးကို ခေါ်သည်။ ဆရာကြင်သည် လူကြီးလက်နှစ်ဖက်ဖြင့် မမီနိုင်အောင် ကြီးမားသော ကုက္ကိုတုံးကြီးကို ဆီဆုံ ပြုလုပ်တတ်သည့် ဆရာကြီးဖြစ်သည်။

တစ်နေ့တွင် ဆီဆုံဝယ်ယူထားသော အခြားရွာသို့ ငွေယူရန် ရောက်သွားရာ ပစ္စည်း လက်ထဲ ရောက်နေပြီဖြစ်သော ဝယ်သူက ဈေးကို မတန်တဆ နှိမ်ထားသဖြင့် ကသိကအောက် ဖြစ်တော့သည်။ နောက်တွင်တော့ သူတော်ကောင်းဖြစ်သော ဆရာကြင်ကပင် အလျှော့ပေးသဖြင့် ပြေလည်သွားခဲ့ပါသည်။ ငွေချေပြီးသည့်နောက် အိမ်ရှင်များက ထမင်းပြင်ကျွေးသဖြင့် အခြားအိမ်များတွင်လည်း စားနေကျဖြစ်သဖြင့် စားဖို့ရာ ပြင်ရပါသည်။

ဆရာကြင် ထမင်းစားခါနီးတွင် ဟင်းခွက်များကို တန်းမနှိုက်သေးဘဲ ထမင်းအဖြူကို အဆုပ်ကလေး သုံးဆုပ် ဆုပ်ပြီးလျှင် တစ်ဆုပ်ချင်း ဦးစွာ စားပြီးမှ ကျန်သော ထမင်းဟင်းများကို ဆက်လက်စားပါသည်။ အိမ်ရှင် လင်မယားကလည်း ဆရာကြင်၏ ထူးခြားသော အမူအရာကို သတိထား အကဲခတ်နေကြသည်။ ထမင်းစား၍ ဆယ်မိနစ်ခန့် အကြာမှာပင် တစ်ခုသော ထမင်းလုတ်သည် မျိုချ၍ ဘယ်လိုမှ မကျတော့ဘဲ လည်ချောင်းဝတွင် တစ်, နေတော့သည်။

ချွေးစေးများကလည်း မနေနိုင်မထိုင်နိုင်အောင် ပြန်နေသဖြင့် အိမ်နောက်ဖေးသွားကာ အာခေါင်ကို လက်ညှိုးထိုးပြီး အန်ချလိုက်ရတော့သည်။ ထွက်ကျလာသောအရာများကို မြင်လိုက်သောအခါ ဆရာကြင်မှာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားပါသည်။ အဘယ့်ကြောင့်ဆိုသော် မျိုချတုန်းက ထမင်းလုပ်သည် ယခု အန်ချလိုက်သောအခါ "ကြွက်စုတ် အသေတစ်ကောင်" ဖြစ်နေသောကြောင့်ပါတည်း။

ရွံလွန်းအားကြီးပြီး အော်ဂလီဆန်လာသောကြောင့် ဗိုက်ထဲရှိသမျှ အစာများအားလုံး ကုန်သည်အထိ ထိုးအန်နေမိသည်။ အိမ်ရှင် ယောက်ျားဖြစ်သူမှာ အလွန်စိတ်မကောင်းဖြစ်နေပြီး အားနာသွားဟန်ဖြင့် မျက်နှာပင် မထားတတ်အောင် ဖြစ်နေသည်ကို တွေ့ရသည်။ ဘာမှ မပြောဘဲ သောက်ရေအိုးက ရေများကိုသာ တွင်တွင် ခတ်ပေးနေရှာသည်။

ဆရာကြင်ကတော့ ဘာမှ မပြောတော့ဘဲ မိမိ လွယ်အိတ်ကလေးကို ကောက်ကိုင်ကာ မိစ္ဆာအိမ်မှ ချက်ချင်း ထွက်လာခဲ့တော့သည်။ "မိမိကို စုန်းပညာဖြင့် သေအောင်လုပ်သည်ကို သိရပြီ" မဟုတ်ပါလော။ သူတစ်ပါးကိုလည်း အပြစ်မတင်၊ မိမိကိုလည်း မပြစ်မမြင်သော ဆရာကြင်၏ စိတ်ဓာတ်ကား ချီးကျူးစရာပင်။

ထိုကြောင့် ထင်ပါ၏။ တရုတ်ပညာရှိကြီး "ကွန်ဖြူးရှပ်" က-
သဘောထား သေးသိမ်သောသူသည် သူတစ်ပါးအပြစ်ကိုသာ မြင်လေ့ရှိသည်။ သဘောထားကြီးမားသောသူသည် မိမိကိုယ်ကိုသာ အပြစ်မြင်တော့သည်။ အလုံးစုံ သဘောထား ပြည့်ဝသွားသောသူသည်ကား မည်သူ့ကိုမျှ အပြစ်မမြင်တော့ပေ။
ဟု ရေးသားထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဆရာကြင် ရွာသို့ ပြန်ရောက်ပြီး နောက်တစ်ရက်မှာပင် အမျိုးသမီးကြီးတစ်ဦး ခြင်းကြီးတစ်လုံးကို ဆွဲပြီး အိမ်ထဲဝင်လာသည်ကို တွေ့လိုက်ရသဖြင့် သေချာ ကြည့်လိုက်ရာ မိမိကို ထမင်းကျွေးလိုက်သော အိမ်မှ အိမ်ရှင်မိန်းမ ဖြစ်နေသည်ကို တွေ့ရသည်။

ဆရာကြင်ရှေ့ ရောက်သောအခါ ခြင်းထဲမှ ပါလာသော ငှက်ပျောသီး အပါအဝင် စားသောက်ဖွယ် အချို့ကို ပန်းကန်ပြားတစ်ချပ်နှင့် သေချာပြင်နေသည်ကို တွေ့ရသဖြင့် ဆရာကြင်တစ်ယောက် နားမလည်နိုင်အောင်ပင်ဖြစ်သွားသဖြင့် ထုတ်၍ မေးလိုက်ရတော့သည်။

"တူမကြီး၊ ဘာလုပ်မလို့ပါလိမ့်"

"သြော်-တခြားမဟုတ်ပါဘူး၊ ဦးကြီးအပေါ်မှာ ကျွန်မ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကန်တော့တောင်းပန်မလို့ပါ"

"တူမကြီးက ဘာအပြစ်တွေ ကျူးလွန်ခဲ့လို့လဲ"

"ကဲပါ ဦးကြီးရယ်၊ ခုချိန်မှာတော့ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်၊ ကျွန်မယောက်ျားကိုလည်း ဖွင့်ပြောခဲ့ပါပြီ၊ ကျွန်မ ဒီမကောင်းတဲ့ ပညာတွေ တတ်နေတာကို ကျွန်မယောက်ျားတောင် အရင်က မသိရှာပါဘူး၊ အခု ကျွန်မဖွင့်ပြောမှပဲ သိရှာတာပါ၊ ကျွန်မက မသင်ဘဲ တတ်နေတဲ့ 'ဝမ်းတွင်းစုန်း တစ်ယောက်ပါပဲ' ဦးကြီးရဲ့"။

"အစကတော့ ကျွန်မကိုယ်တိုင် သတိမထားမိပါဘူး၊ နောက် တဖြည်း ဖြည်းနဲ့ သူတစ်ပါးကို မကျေနပ်လို့ စိတ်ထဲက ကြိမ်ဆဲလိုက်ရုံနဲ့ ကိုယ်ကြိမ်ဆဲတဲ့အတိုင်း တစ်ဖက်မှာ သွား,သွားထိနေတာ တွေ့မှ ကိုယ့်ကိုယ်ကို တတ်မှန်းသိတော့တာပဲ"။

"အဲဒီလိုနည်းနဲ့ ကျွန်မပြုစားလာတာ သေကုန်တာ တော်တော်များပြီ၊ ကျွန်မ ပြုစားမိထားပြီ ဆိုရင်လည်း ဘယ်ဆရာမှ ကုမရတော့ဘူး၊ အခု ဦးကြီးနဲ့ကျမှ ကျွန်မပညာက အရှုံးပေးရတော့တာပဲ၊ ကျွန်မလည်း သံဝေဂတွေ ရသွားပြီဖြစ်လို့ ဒီပညာကို ဘုရားရှေ့မှာ သစ္စာပြုပြီး လှူပစ်ခဲ့ပါပြီ၊ ကျွန်မသိချင်တာတစ်ခုက ကျွန်မရဲ့ပညာ တိုးမရအောင် ဦးကြီးဟာ ဘာဂိုဏ်းတွေဝင်ပြီး၊ ဘာဆေးတွေ ထိုးထားသလဲဆိုတာပဲ သိချင်တာပါ၊ ကဲ-ကျွန်မကျူးလွန်တဲ့ အပြစ်တွေ ပြေပျောက်အောင် ဦးကြီးကို လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးကန်တော့ပါတယ်"။

"သာဓုပါကွယ် သာဓုပါ၊ ငါ့တူမကြီး ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝပြီး ပညာရှိသူတော်ကောင်းမကြီး ဖြစ်ပါစေဗျာ"

"ကဲ-ကျွန်မလည်း ကျွန်မအကြောင်းကို အပြည့်အစုံ ပြောပြီးပြီ၊ ဦးကြီးလည်း ဦးကြီးရဲ့ ပညာအကြောင်းတွေကို ဆရာစား မချန်ဘဲ ပြောပြပါဦး"

"ဆရာစား ချန်စရာလည်း မလိုပါဘူးကွယ်၊ ဘာကြောင့်လဲဆိုတော့ ဦးကြီးတစ်ယောက်တည်းနဲ့ ဆိုင်တာမှ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာဝင်တိုင်းနဲ့ ဆိုင်တဲ့ ရတနာသုံးပါးပညာ ဖြစ်နေလို့ပါပဲ၊ ဒီလို တူမကြီးရဲ့၊ ဦးကြီး ငယ်ငယ် ကတည်းက မိဘဆရာသမားတွေ သင်ပြပေးထားတဲ့ နည်းကောင်းလေး တစ်ခုရှိတယ်"။

အဲဒါ ထမင်း စားခါနီးပြီဆိုရင် ဟင်းတွေကို ချက်ချင်းမနှိုက်သေးဘဲ ထမင်းအဖြူလေးကို သင့်တော်ရုံအဆုပ်လေး သုံးဆုပ် ဆုပ်လိုက်တယ်၊ ပြီးတာနဲ့
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- လို့ဆိုပြီး တစ်ဆုပ်စားတယ်၊
ဓမ္မံ သရဏံ ဂစ္ဆာမိ- လို့ဆိုပြီး တစ်ဆုပ်စားတယ်၊
သံဃံ သရဏံ ဂစ္ဆာမိ- လို့ဆိုပြီး တစ်ဆုပ်စားတယ်၊

အဲသလို သရဏဂုံသုံးပါးရွတ်၊ ထမင်းဖြူ သုံးဆုပ်စားပြီးမှ ကျန်တဲ့ ထမင်းဟင်းတွေကို ဆက်စားတယ်၊ မိဘဆရာသမားတွေကတော့ အဲသလို ကျင့်ပြီးစားရင် ရောဂါကင်းတယ်၊ စုန်းအောက်လမ်း ပညာတွေ လုပ်လို့မရဘူး လို့တော့ သင်ထားတာပဲ။

ဒါပေမယ့်-ဦးကြီးလည်း လက်တွေ့တွေ တော်တော်များများ ကြုံလာမှ တကယ့်ကို ယုံယုံကြည်ကြည် ဖြစ်လာတာပါ"

"ဦးကြီးရယ်....ကျွန်မလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါပဲ၊ ဒါပေမယ့် သရဏဂုံသုံးပါး ဒီလောက်စွမ်းတယ်ဆိုတာ အခုမှ သိရတော့တာပါ၊ ဒါနဲ့ ကျွန်မအပြင် တခြားပညာသည်တွေနဲ့ရော ဦးကြီးတွေ့ခဲ့ဖူးသေးလား"

"မနှစ်ကကိုပဲ တစ်ကြိမ် ကြုံလိုက်ရသေးတယ်၊ နွေအခါကြီးပေါ့၊ ဦးကြီး မြင်ကွန်းကို လှည်းနဲ့ပြန်အလာမှာ ယောက်ျားတစ်ယောက် လှည်းကြုံစီးပြီး လိုက်လာတယ်၊ အဲဒါ ဦးကြီးအိမ်ဝိုင်းထဲလည်း လှည်းဝင်ရော အဲဒီ ယောက်ျားဟာ လှည်းပေါ်က လက်အုပ်ချီပြီး 'ခွင့်လွှတ်ပါ ဆရာရယ်၊ ဆရာ့ကို ဒုက္ခပေးနိုင်ဖို့ နေနေသာသာ ကျွန်တော် ဆရာ့အိမ်ဝိုင်းထဲတောင် ဝင်လို့ မရဘူး' လို့ ပြောပြီး တစ်ချိုးတည်း လစ်တော့တာပဲ"

"ဒီလိုဆိုတော့ ဦးကြီးရဲ့ သရဏဂုံသုံးပါးက ကျွန်မတို့လို စုန်းမတောင် မကဘူး၊ အောက်လမ်းဆရာကိုတောင် နိုင်တာပဲ ဦးကြီးရဲ့၊ ကျွန်မလည်း ကနေ့က စပြီး ဦးကြီးလိုပဲ သရဏဂုံကျင့်စဉ်ကို ကျင့်ပြီး သူတော်ကောင်းတရားကို တစ်သက်ပတ်လုံး ကြိုးစားအားထုတ်သွားတော့မယ်လို့ ဒီသရဏဂုံရှင် ဦးကြီးကို ကျွန်မ ကတိပေးခဲ့ပါတယ် ရှင်"

"သာဓု-တူမကြီး သာဓု-သာဓုပါဗျာ"

(အထက်ပါ အကြောင်းက မြင်ကွန်းမြို့၊ ပေပင်စမ်းရွာ ဆရာတော် ဦးဝါယမ၏ ထုတ်ဖော် ပြောပြချက် ဖြစ်ပါသည်။ ဆရာကြင်အား ၎င်းကိုယ်တိုင် မေးမြန်းပြီး စာရေးသူအား ပြောပြခြင်း ဖြစ်သည်။)

မှတ်ချက်။  ။ ဆရာကြီး ဦးဋ္ဌေးလှိုင်၏ 'ဓမ္မဒူတ-ဒုတိယတွဲ' စာ-၁၃၈ ကို မှီငြမ်းရေးဖွဲ့ပါသည်။

မေတ္တာရှင်(ရွှေပြည်သာ)အရှင်ဇဝန (သရဏဂုံအစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ)

No comments:

Post a Comment