၁၃၅၀-ပြည့်နှစ်၊ ပြာသိုလဆန်း ၁-ရက်နေ့ကပေါ့၊ ကျွန်တော့်ဘ၀မှာ သေရေး ရှင်ရေးနဲ့ ပက်သက်တဲ့ ရက်တစ်ရက် ဖြစ်တာမို့ ဒီရက်ကိုတော့ ဘယ်သောအခါမှ မေ့နိုင်မယ် မထင်ပါဘူး၊ ကျွန်တော်တို့ အိမ်က ပဲခူးမြို့ ပေါ်မှာပါပဲ၊ အိမ်အပေါ်ထပ် ပြူတင်းပေါက်ကနေ လှမ်းကြည့်ရင် ပဲခူးရွှေမောဓောစေတီကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်တာမို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စိတ်ချမ်းမြေ့စရာ အကောင်းဆုံးနေရာလို့ ပြောရမယ် ထင်ပါတယ်။
အဖေက ကျွန်တော် ငယ်ငယ်ကတည်းက ဆုံးတာမို့ အခုချိန်မှာတော့ အမေတစ်ခု သားတစ်ခုရယ်ပဲ ရှိပါတော့တယ်၊ ငယ်ရွယ်စဉ်ကတည်းက လင်သား ဆုံးခဲ့ပေမယ့် ကျွန်တော့်ကိုငဲ့ပြီး ယခုအရွယ်အထိ အိမ်ထောင်မပြုဘဲ ပြုစုကျွေးမွေးခဲ့တဲ့ မိခင်ရဲ့ ကျေးဇူးတွေဟာ ကျွန်တော်အပေါ်မှာ များပြားလှပါတယ်။
ဒါ့ကြောင့် ကျွန်တော်လည်း မိခင်ကို တစ်လှည့်တစ်ပြန် ကျေးဇူးဆပ်တဲ့ အနေနဲ့ အခု အသက်သုံးဆယ် အရွယ်ထိ အိမ်ထောင်မပြုဘဲ မိခင်ကို ပြုစုလုပ်ကျွေး လျက်ပဲရှိပါတယ်၊ ကျွန်တော့် မိခင်မှာလည်း အားကိုးစရာဆိုလို့ ကျွန်တော် တစ်ယောက်တည်း ရှိတာကလား၊ ခုဆိုရင် မိခင်ကြီးရဲ့ အသက် ခြောက်ဆယ်ကျော်လို့ ခုနှစ်ဆယ်ထဲရောက်နေပါပြီလေ။
ကျွန်တော့် အခုအသက်အရွယ်အထိ အိမ်ထောင်မပြုဘဲ မိခင်ကို ပြုစုလုပ်ကျွေးနေတယ်ဆိုတော့ ပင်ကိုယ်ကကို စိတ်ကောင်းရှိတဲ့ 'သူတော်ကောင်းလေး' လို့ အများက ထင်ကြမှာပါ၊ တကယ်ကျတော့ ကျွန်တော့် ပင်ကိုယ်စိတ်နဲ့ ဆိုရင် မိဘကျေးဇူးကို ဒီလောက်သိလာဖို့ မလွယ်ကူလှပါဘူး၊ ကျွန်တော် ကိုးတန်းကျောင်းသား အရွယ်လောက်တုန်းက မိခင်ရဲ့ ကျေးဇူးအကြောင်း ဓမ္မကထိကဆရာတစ်ပါးရဲ့ 'အနန္တဂိုဏ်းဝင် ကျေးဇူးရှင်' ဆိုတဲ့ မိဘမေတ္တာဘွဲ့ တရားတစ်ပုဒ်ကို နာကြားခဲ့ရပါတယ်။
အဲဒီ တရားရဲ့ အဆုံးအမကြောင့် ကျွန်တော် အနေနဲ့ မိဘကို ယခုလို အသက်အရွယ်တိုင်အောင် မြတ်မြတ်နိုးနိုး လုပ်ကျွေးပြုစုနိုင်တာပါ။
ဒီစာကို ဖတ်နေရတဲ့ လူငယ်လူရွယ်များလည်း မိဘရဲ့ မေတ္တာနဲ့ကျေးဇူးကို ကျွန်တော့်လို သိစေချင်လွန်းလို့ ကျွန်တော့်ရဲ့ နှလုံးသားအထိ ရောက်ခဲ့တဲ့ ဟောပြောချက် အချို့ကို အနည်းငယ် ပြောပြပါရစေ၊ ပထမဆုံး ကျွန်တော် သတိရတာကတော့ မိဘတွေ အသက်ကြီးလာတဲ့အချိန် လုပ်ကျွေး ပြုစုနိုင်စွမ်းရှိလျက်နဲ့ မလုပ်ကျွေး မပြုစုတဲ့ သားသမီးဟာ လူယုတ်မာ ဖြစ်တယ်ဆိုတဲ့ ဟောပြောချက်ပါပဲ။
အဲဒါနဲ့ ပက်သက်ပြီး ဓမ္မကထိကဆရာတော် ရွတ်ပြတဲ့ လင်္ကာလေးက-
အနန္တဂိုဏ်းဝင် အဓိကထားရသည့်.....
မိဘနှစ်ပါး ကြီးကျယ်စွာ
လက်ဦးဆရာ ဗြဟ္မာအလားသို့ ....
ဘဂ၀ါဘုရား ဟောခဲ့တာ၊
သူတို့မွေးတာ ကျေးဇူးအမြတ်ကို
ကြွေးအထူး ဆပ်ဖို့ နားလည်ပါ၊
စွမ်းနိုင်လျက်သား အိုမင်းငြား .....
ပစ်ထား 'လူယုတ်မာ'၊
အဲဒါကြောင့် ဗုဒ္ဓထုတ်ဟော
အယုတ်သဘော ကင်းစေရာ- တဲ့
မှတ်ချက်။ ။ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ၊ စတုတ္ထစံကျောင်း ဆရာတော်ဘုရာကြီးက ၀သလသုတ္တန်ကို ကြည့်၍ ရေးစပ်တော်မူခဲ့ခြင်း ဖြစ်သည်။
မိဘဆိုတာ ဗြဟ္မာနဲ့ တူတဲ့ လက်ဦးဆရာကြီးပဲ-တဲ့၊ သူတို့ ကျွေးမွေးခဲ့တဲ့ ကျေးဇူးကို ဆပ်နိုင်တဲ့ အချိန်မှာ ပြန်ဆပ်ကြရမယ်၊ မိဘတွေ အိုမင်းချိန်မှာ လုပ်မကျွေးဘဲ ပစ်ထားတဲ့ သားသမီးဟာ ယုတ်မာတဲ့ သားသမီးလို့ မြတ်စွာဘုရား ကဟောခဲ့တယ် ဆိုကတည်းက ကျွန်တော့်စိတ်ထဲမှာ ဆုံးဖြတ်ချက်က ချထားပြီးသားပဲ၊ အမေ့ကို မသေမချင်း လုပ်ကျွေးတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပဲပေါ့၊
နောက်တစ်ခု မှတ်မိသေးတာက မိဘကို လုပ်ကျွေးဖို့ အခွင့်အလမ်းဆိုတာ ရဖို့ရာ မလွယ်ကူဘူးတဲ့၊ အင်္ဂါလေးချက်နဲ့ ညီနေတဲ့ အခါမျိုးမှသာ ပြုစုလုပ်ကျွေးနိုင်ပါသတဲ့၊ အဲဒီအင်္ဂါ လေးချက်ကတော့-
၁။ မိဘများ သက်ရှိထင်ရှား ရှိနေသေးခြင်း။
၂။ မိဘများက မိမိကို မှီခိုနေခြင်း။
၃။ မိဘကို လုပ်ကျွေးပြုစုချင်သော စေတနာ, သဒ္ဓါတရား မိမိမှာ ရှိခြင်း။
၎။ လုပ်ကျွေးပြုစုနိုင်သော အသပြာဥစ္စာတို့ ရှိခြင်း တို့ပဲ ဖြစ်ပါတယ်။
ဟုတ်လည်း ဟုတ်ပါတယ်။ ဒီအင်္ဂါလေးချက် တစ်ချက်ချက် ချို့ယွင်းနေပြီဆိုတာနဲ့ မိဘကို လုပ်ကျွေးနိုင်ဖို့ မလွယ်ဘူးဆိုတာ လူတိုင်း သဘောပေါက်နိုင်ပါတယ်၊ နောက်တစ်ခု မှတ်မိသေးတာကတော့ ... ဘုရားအလောင်း 'သာလိကေဒါရ ကျေးမင်း' အကြောင်းပါပဲ။
တစ်ခါတော့ စပါးခင်းကို ပိုင်တဲ့ ပုဏ္ဏားတစ်ယောက်ဟာ ထူးဆန်းတဲ့ ကြက်တူရွေးတစ်ကောင်ကို တွေ့တာနဲ့ ထောင်ပြီး ဖမ်းလိုက်တာ မိသွားရောတဲ့ ထူးဆန်းတာက ဒီကြက်တူရွေးဟာ တခြားကြက်တူရွေးများလို စပါးကို မိမိစားရုံနဲ့ မပြီးပဲ စပါးနှံ အတော်များများကို ချီ, ချီ ယူသွားတာ တွေ့ရလို့ပါပဲ။
ကြက်တူရွေးကို မိတဲ့အခါ ပုဏ္ဏားက မေးသတဲ့။
"အသင် ကြက်တူရွေး တခြားကြက်တူရွေးတွေက အခင်းထဲမှာ စပါးကို စားရုံနဲ့ ပြီးကြတယ်၊ သင်ကတော့ စပါးခင်းထဲမှာ စားရုံနဲ့ မပြီးဘဲ အပိုစပါးနှံတွေကို ချီ, ချီ သွားတာဟာ နေ့ဖို့ညစာ သိမ်းထားဖို့ ဂိုဒေါင်တွေများ ရှိနေသလား" လို့ဆိုတော့ ကျေးမင်းက ..... ၊
"မဟုတ်ပါဘူး၊ ကျွန်တော့်မှာ ကြွေးသစ်လည်း ချရပါတယ်၊ ကြွေးဟောင်းလည်း ဆပ်ရပါတယ်၊ ရွှေအိုးလည်း မြှုပ်နှံရပါတယ်၊ အဲဒီ အလုပ် သုံးမျိုးကြောင့် စပါးနှံတွေကို အပို ချီသွားရပါတယ်" လို ဖြေတော့ ကျေးမင်းရဲ့ သိမ်မွေ့တဲ့ စကားသုံးခွန်းကို လယ်သမားပုဏ္ဏားကြီး နားမလည်နိုင်အောင် ဖြစ်နေလို့ ကျေးမင်းက အကျယ်ရှင်းပြနေရပြန်တယ်"။
"ကြွေးသစ်ချတယ်ဆိုတာ သားသမီးတွေကို ကျွေးမွေးတာပါတဲ့၊ ကြွေးဟောင်းဆပ်တာကတော့ မိအိုဖအိုတွေကို ကျွေးမွေးတာပါတဲ့၊ ရွှေအိုးမြှုပ်နှံတယ် ဆိုတာကတော့ အလှူခံ သမဏ, ဗြာဟ္မဏ တွေကို လှူတာပါတဲ့။ အဲဒီအခါကျမှ စပါးခင်းရှင်ပုဏ္ဏားလည်း ကျေးမင်းရဲ့ လုပ်ရပ်ကို ကြည်ညိုလေးစားပြီး သူ့အခင်းက စပါးတွေကို အလိုရှိသလောက် ယူခွင့်ပေးပါသတဲ့။
သာလိကေဒါရကျေးမင်းရဲ့ နည်းကို ယူပြီး "တရားနာ ပရိတ်သတ်တွေလည်း ကြွေးသစ်လည်းချပါ၊ ကြွေဟာင်းလည်း ဆပ်ကြပါ၊ ရွှေအိုးလည်း မြှုပ်နှံကြပါ" ဆိုတဲ့အကြောင်း မှာကြားခဲ့တာကိုတော့ ကျွန်တော်စိတ်ထဲမှာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
ကျွန်တော် နောက်ဆုံးမှတ်မိတဲ့ အချက်ကလေးကတော့ ဇနေတိ သဒိသံ ပါကံ တူသော အကျိုးကိုပေးတတ်ပုံ ဆရာ့တော့်ကိုယ်တွေ့ ဖြစ်ရပ်လေးကို ဟောကြားသွားတာပါပဲ၊ ဆရာတော်ရဲ့ မိခင်ဟာ အမြွာမွေးဖြစ်လို့ ညီမတစ်ယောက် ရှိပါသေးသတဲ့၊ မယ်တော်ရော အဒေါ်ရော စစ်ကိုင်း ဇာတိတွေပါပဲ။
အမြွာညီအမ ဖြစ်ပေမယ့် ရုပ်ချင်းလည်း မတူပါဘူး-တဲ့၊ သိတတ်တဲ့ အရွယ်ကစပြီး အကြီးမက မိဘကို ပြုစုလုပ်ကျွေး ဂရုစိုက်သလောက် အငယ်မကတော့ အလှပြင်နဲ့၊ အပျော်အပါးနဲ့ အချိန်ကုန်တာပဲတဲ့၊ ဒီကြားထဲ မိဘက ဆုံးမရင် မနာခံဘဲ နှုတ်လှံထိုးသေးသတဲ့။
နောက်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အရက်သမားနဲ့ အိမ်ထောင်ကျသွားပြီး ဆင်းရဲနေပါရောတဲ့၊ အကြီးမကတော့ မိဘတွေ ပေးစားတဲ့ သူနဲ့ပဲ အချိန်ကျမှ အိမ်ထောင်ပြုခဲ့တယ်၊ သူတို့နှစ်ယောက် သားသမီးတွေ ရတဲ့အခါ တူသော အကျိုးပေးတော့တာပဲတဲ့၊ အငယ်မ မွေးတဲ့ သားသမီးတွေဟာ တစ်ယောက်မှ အားမကိုးရဘဲ မိဘကို ဒုက္ခပေးမယ့် သူချည်းပဲ-တဲ့။
သားတွေဆိုရင် မိဘစကားနားမထောင်တဲ့အပြင် အရက်မူးလာရင် တစ်အိမ်လုံးရမ်းပြီး ဆဲတော့တာပဲ-တဲ့၊ အငယ်မကိုယ်တိုင် မိဘတွေအပေါ် ပြုခဲ့တဲ့အတိုင်း ပြန်အကျိုးပေးတာပဲပေါ့။
အကြီးမကတော့ သူကိုယ်တိုင် ငယ်ငယ်ကတည်းက မိဘကို စိတ်ချမ်းသာအောင် ပြုစုလုပ်ကျွေးခဲ့တော့ သူမွေးတဲ့ သားသမီးတွေကျတော့လည်း မိဘကို ပြန်ပြုစုတဲ့ သူတော်ကောင်းတွေချည်းပဲတဲ့၊ အခုတော့ စိတ်ချမ်းသာစရာ အကောင်းဆုံး၊ ကုသိုလ်ရစရာ အကောင်းဆုံးဖြစ်တဲ့ ဓမ္မကထိက သား ဘုန်းကြီးထံမှာပဲ အသက်ထက်ဆုံး နေ, နေတဲ့အကြောင်းကို ဆရာတော့် ကိုယ်တွေ့ကို ဟောသွားတာကတော့ မမေ့နိုင်အောင်ပါပဲ။
မိဘကျေးဇူးနဲ့ ပက်သက်ပြီး ပေရှည်မိတာကို ခွင့်လွှတ်ပါ၊ ကျွန်တော့်လို လူငယ်တွေ မိဘရဲ့မေတ္တာနဲ့ ကျေးဇူးကို နားလည်ပြီး ကျေးဇူးဆပ်စေချင်လွန်းလို့ပါ။ ကျွန်တော့်ရဲ့ သရဏဂုံ ကိုယ်တွေ့ကို ဆက်ကြပါစို့။
တစ်ခါတော့ ကျွန်တော်မှာ နာတာရှည် ရောဂါတစ်ခု စွဲကပ်လို့ အိပ်ယာထဲ လဲနေတဲ့အချိန်ပေါ့၊ တစ်နေ့ ၁၃၅၀-ပြည့်နှစ် ပြာသိုလဆန်း ၁ ရက်နေ့ပေါ့၊ ကျွန်တော် ရောဂါသည်းပြီး တစ်ယောက်တည်း လူးလှိမ့်နေအောင် ခံစားနေရတယ်၊ တစ်ဖက်ခန်းက အမေ သိပြီး စိတ်ဆင်းရဲမှာစိုးလို့ ကျိတ်မှိတ်ပြီး ခံစားနေတာပါ၊ အဲဒီအချိန်က ဆောင်းတွင်းဆိုတော့ ညနေခြောက်နာရီသာသာ ရှိသေးတယ်၊ နေက ဝင်သွားပြီ။
ဒီအချိန်မှာပဲ ကျွန်တော်တို့ အိမ်ထဲကို ကြာပွတ်မည်းမည်းကြီးတစ်ခု ကိုင်ထားတဲ့ မိန်းမတစ်ယောက်ရယ်၊ ခါးတောင်းကျိုက်ထားတဲ့ ဧရာမလူကြီး နှစ်ယောက်ရယ် စုစုပေါင်း လူသုံးယောက် ဝင်လာကြတယ်၊ မိန်းမရဲ့ ခေါင်းပေါ်မှာတော့ ရွှေရောင် သရဖူလိုဟာမျိုး တစ်ခု ဆောင်းထားတာကို တွေ့ရတယ်၊ ကျွန်တော့်ကို တွေ့တွေ့ချင်းပဲ အဲဒီမိန်းမက ... ၊
"မင်း ဒီရောဂါ ဝေဒနာကြီးကို ခံစားနေရမယ့် အတူတူ ငါတို့နဲ့ တစ်ခါတည်းလိုက်ခဲ့ပါလား၊ ဟိုမှာဆိုရင် မင်း ဒီထက်အများကြီး စိတ်ချမ်းသာမယ်" လို့ ပြောတယ်။
မှတ်ချက်။ ။ ဤနေရာ၌ လူမမာက လူ့ဘဝကို စိတ်ပျက်နေပြီး လိုက်မယ်ဟု ပြောလိုက်သည်နှင့် ချက်ချင်း သေသွားတတ်ပါသည်။ တစ္ဆေ, သရဲ, ပြိတ္တာတို့၏ ကမ္မဇိဒ္ဓိ (ကံကပေးသောတန်ခိုး) ဖြင့် သတ်ဖြတ်ခြင်း ဖြစ်သည်။ ပြိတ္တာတိုင်းတော့ ထိုသို့ မလုပ်နိုင်ပါ။ အတန်အသင့် တန်ခိုးရှိသော ဝေမာနိက ပြိတ္တာမျိုး များသာ ပြုလုပ်နိုင်ပါသည်။ သရဏဂုံ မေ့ပြီး ရောဂါတအားသည်းနေသော သူများကိုသာ ပြုလုပ်နိုင်သည်။
"ကျွန်တော်က အမေ့ကို လုပ်ကျွေးရဦးမှာ၊ မလိုက်နိုင်ဘူး" လို့လည်း ပြောလိုက်ရော သရဲမက "အသာတကြည် မလိုက်တော့လည်း ခပ်ကြမ်းကြမ်း ခေါ်ရတာပေါ့" လို့ပြောပြီး လူနှစ်ယောက်ကို အချက်ပြလိုက်တယ်၊ ဒီအချိန်မှာပဲ လူနှစ်ယောက်က ကျွန်တော့်ကို မလှုပ်နိုင်အောင် ကြိုးနဲ့ တုပ်လိုက် ကြတယ်။
ကြိုးနဲ့တုပ်ပြီးတာနဲ့ သရဲမက လွှဲတဲ့ပြီး ကျွန်တော့်ကို ကြာပွတ်နဲ့ရိုက်တော့တာပါပဲ၊ နာတာကတော့ အသည်းခိုက်တဲ့အထိပဲ၊ ကျွန်တော့်ဘဝတစ်သက်မှာ အဲသလောက် အသားနာတာ တစ်ခါမှ မကြုံဖူးပါဘူး၊ ကြိုးနဲ့ကလည်း တုပ်ထားတော့ ဘာမှ မတတ်နိုင်ဘဲ လူးလိမ့်ပြီး ခံနေရတာပေါ့။
အခံရှိတဲ့ ဝေဒနာရယ်၊ အရိုက်ခံရတဲ့ ဝေဒနာရယ် ပေါင်းလိုက်တော့ "ဒီတစ်ခါတော့ ငါ သေရလိမ့်မယ်" လို့ စိတ်နှလုံး ဒုံးဒုံး ချမိတော့တာပဲ၊ ကြာပွတ်ဒဏ်ကို လူးလိမ့်ခံစားရင်း တစ်ခါမှာတော့ လေသာပြူတင်းကနေ မြင်နေရတဲ့ ရွှေမော်ဓောစေတီကြီးကို ဖူးတွေ့လိုက်ရတာကတော့ ထူးခြားမှု တစ်ခုပေါ့။ ဒီအခါကျမှ အားကိုးရာ အစစ်ကို ကျွန်တော် သတိရသွားတယ်၊ ဒါနဲ့ အချိန်မဆိုင်းဘဲ ချက်ချင်း .....
တပည့်တော်၏ အသက်နှင့် ခန္ဓာကိုယ်ကိုအား ရွှေမော်ဓောဘုရားကြီးအား လှူဒါန်းပါ၏။
လို့ နှုတ်က ဆိုလိုက်ပါတယ်။
ကျွန်တော် အဲသလို ဆိုလိုက်ပြီးတာနဲ့ မိစ္ဆာသုံးယောက်တို့ဟာ တစ်စုံတစ်ယောက်က သူတို့ကို ရိုက်လိုက်သလို အသံနက်ကြီးတွေနဲ့ အော်ပြီး ချက်ချင်း ထွက်ပြေးကုန်ကြတယ်၊ မကောင်းဆိုးဝါးတွေ ထွက်ပြေးကုန်တာနဲ့ တပြိုင်နက် ကျွန်တော့်အမေကို အလန့်တကြား အော်ခေါ်လိုက်မိတယ်။
အမေ ကျွန်တော့်နားရောက်တဲ့အခါမှာတော့ ကျွန်တော့် တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပါပြီ၊ ဒီထက် ထူးခြားတာက ကျွန်တော့်မှာ ရှိနေတဲ့ နာတာရှည် ရောဂါဟာ လက်နဲ့ယူပစ်လိုက်သလို ပျောက်သွားတော့တာပါပဲ၊ ခုတော့ ကျွန်တော်ဟာ မိခင်ကို လိမ်လိမ်မာမာနဲ့ လုပ်ကျွေးပြုစု နိုင်ပါပြီ။
လူတစ်ယောက်ကို မသေမချင်း ရိုက်နေတာကို ထရံသာခြားတဲ့ တစ်ဘက်ခန်းက လူမကြားအောင် စွမ်းတဲ့ မကောင်းဆိုးဝါးတွေရဲ့ 'ကမ္မဇိဒ္ဓိ' တန်ခိုးကို ကျွန်တော် တော်တော်လေး အံ့သြမိတာ အမှန်ပါပဲ၊ နောက်တော့ နားလည်တဲ့ ဆရာတော်ကို လျှောက်ကြည့်လိုက်တော့မှ မိစ္ဆာတွေ ထွက်ပြေးခြင်း၊ ကျွန်တော် ရောဂါ ပျောက်ခြင်းရဲ့ အဓိက အကြောင်းတွေကို သိရပါတော့တယ်။
အဲဒါကတော့ အခြားမဟုတ်ပါဘူး။
တပည့်တော်၏ အသက်နှင့် ခန္ဓာကိုယ်ကိုအား ရွှေမော်ဓောဘုရာကြီးအား လှူဒါန်းပါ၏။
ဆိုတဲ့ ကျွန်တော့်ရဲ့ စကားဟာ သရဏဂုံဆောက်တည်နည်း လေးမျိုးထဲမှာ 'အတ္တသန္နိယျာတန သရဏဂုံ ဆောက်တည်နည်း' နဲ့ အကျုံးဝင်သွားလို့ ပါပဲ-တဲ့၊ အတ္တန္နိယျာတနဆိုတာ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်း လှူဒါန်း ခြင်းပါပဲ-တဲ့။
ဒါတောင် ကျွန်တော်ဆောက်တည်တာက ဘုရားရတနာ တစ်ပါးသာ ရှိသေတာ၊ အကယ်ရွေ့ သုံးပါးလုံးသာ ဆောက်တည်နိုင်မယ် ဆိုရင် မကောင်းဆိုးဝါးတွေ အသက်များ ထွက်သွားလေမလားလို့တောင် စဉ်းစားမိပါလေရဲ့ဗျာ။
မှတ်ချက်။ ။ မြတ်မင်္ဂလာ စာစောင်၌ ဖတ်ရသော ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်လည် တန်ဆာဆင်၍ ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။
မေတ္တရှင်(ရွှေပြည်သာ)၏(သရဏဂုံအစွမ်းအံ့မခန်း ဖြစ်ရပ်ဆန်းများ)
No comments:
Post a Comment