တဏှာကြောင့် သောကဖြစ်ကြောင်း ထင်ရှားစေရန် သဘာဝယုတ္တိ တစ်ခုပြအံ့။ မိမိအိမ်ရှေ့မှ အသုဘတစ်ခု ဖြတ်သွားသည်ဆိုအံ့။ ထိုသေသူသည် မိမိနှင့် ပက်သက်မှုမရှိဟုဆိုလျှင် မည်သည့် သောက ပရိဒေဝမှ ဖြစ်မည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း၊ သေသူအပေါ်၌ စွဲလမ်းနှစ်သက်မှု တဏှာမရှိသောကြောင့်တည်း။ အကယ်၍ သေသူသည် မိမိမွေးချင်းထဲမှ တစ်ယောက်ဖြစ်မည်ဆိုလျှင် ဧကန်မုချ သောကပရိဒေဝ ဖြစ်ပေမည်။ အဘယ်ကြောင့်ဖြစ်ရသနည်း။ သေသူအပေါ်၌ စွဲလမ်းမှု တဏှာ ရှိနေသောကြောင့်ပင်တည်း။
အမေရိကန်ပြည်ထောင်စုမှ နှလုံးရောဂါသည် သူဌေးတစ်ယောက်နှင့် အနီးကပ်ပြုစုသော ဆရာဝန်တစ်ယောက်အကြောင်းကို ဖတ်ရဖူး၏။ ထိုစာကို ရေးသူက ဟာသအနေဖြင့်ရေးသော်လည်း ကျွန်ုပ်ကား တရားတစ်ပုဒ် အနေနှင့် မြင်မိ၏။ နှလုံးရောဂါသည်များသည် အလွန်ဝမ်းသာစရာသတင်း၊ အလွန်ဝမ်းနည်းစရာသတင်းများကို ကြားရလျှင် နှလုံးခုန်နှုန်းရပ်ပြီး သေတတ်ကြ၏။ နှလုံး ရပ်ပြီး သေခြင်းဟူသည် ဆေးသိပ္ပံနည်းအလိုဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာအရကား လောဘမီးနှင့် ဒေါသမီး လောင်သောကြောင့် သေခြင်းသာ ဖြစ်၏။
ဝမ်းသာစရာသတင်းသည် လောဘမီးဖြစ်ပြီး၊ ဝမ်းနည်းစရာသတင်းသည် ဒေါသမီးပင် ဖြစ်သည်။
လောဘမီးနှင့် ဒေါသမီးကြောင့် သေဆုံးသူများ
တစ်နေ့တွင် နှလုံးရောဂါသည် သူဌေးကြီးသည် ဒေါ်လာ သိန်းနှင့်ချီပြီး မြင်းထီပေါက်သွား၏။ ဝမ်းသာလုံးဆို့ပြီး နှလုံးရပ်သေမှာစိုးသောကြောင့် ထိုသူဌေးကို စောင့်ကြပ် ကုသပေးနေသော ဆရာဝန်ကိုယ်တိုင် အခြေအနေကြည့်ပြီးမှ သူဌေးကို အသိပေးဖို့ ပြောထားကြ၏။
လူနာအခြေအနေကောင်းပြီးဟု ယူဆရသောအချိန်တွင် ဆရာဝန်က လူနာကို စိတ်ငြိမ်ငြိမ်ထားရန် ဝမ်းသာစရာသတင်းကို ပြောလိုက်၏။ သူဌေးကြီးကား ဘာမှမဖြစ်။ သူဌေးပြန်ပြောလိုက်သော စကားတစ်ခွန်းကြောင့်သာ ဆရာဝန်မှ ချက်ချင်းလဲကျ သေဆုံးသွားရ၏။ သူဌေးကြီး ပြန်ပြောလိုက်သောစကားမှာ-
' အခုလို ဝမ်းသာစရာသတင်းကိုပြောပေးတဲ့ ဒေါက်တာကို ကျေးဇူးတင်တဲ့ အနေနဲ့ ကျွန်တော်ရတဲ့ မြင်းထီငွေထဲက သုံးပုံတစ်ပုံကို ဒေါက်တာကို ပေးပါတယ် ' ဟူ၏။
ဝမ်းသာလုံးဆို့၍ သေခြင်းဟူသည် ဖြစ်ရပ်နှင့်စပ်၍ သိလွယ်အောင်ပြောခြင်းဖြစ်၏။ ထိုဆရာဝန်သေရခြင်း၏ အဓိကအကြောင်းကား လောဘမီးလောင်သောကြောင့်သာဖြစ်၏။ မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုး နှစ်ခု ရှိခဲ့၏။ ပထမတစ်ခုမှာ လင်သားဖြစ်သူက သန်းချီတန်သော ကျောက်တစ်လုံးအောင် ကြောင်း ဇနီးဖြစ်သူထံ ဝမ်းသာရအောင် ဖုန်းဆက်လိုက်၏။
ဇနီးဖြစ်သူသည် ထိုသတင်းကိုနားထောင်ပြီးသည်နှင့် ဖုန်းနားမှာပင် လဲကျ သေဆုံးသွားခဲ့၏။ ဤကား လောဘမီးလောင်ခြင်းပင်ဖြစ်၏။
နောက်တစ်ခုကား ရုံထဲတွင် ဗွီဒီယိုကြည့်ရင်း ကလေးနှစ်ယောက် ရန်ဖြစ်ကြ၏။ ကလေးတစ်ယောက်က ခဲတံချွန်သောဓားနှင့် ထိုးလိုက်သောကြောင့် တစ်ဖက် ကလေး၏ လက်မောင်းကို ရှပ်ထိသွားပြီး သွေးအနည်းငယ်ထွက်သွားခဲ့၏။ ခဲတံချွန်သောဓားမှာ သေးငယ်သောကြောင့် ပြောပလောက်သော ဒဏ်ရာမဟုတ်ပေ။
ကလေးက ဘာမှမဖြစ်သော်လည်း ကလေး၏မိခင်မှာ သူ့သားကို အနိုင်ကျင့်ရမည်လောဟု ဒေါသထွက်ကာ တစ်ဖက်ကလေးကို ရန်ပြုရန် ကြိုးစားရင်း မြေပြင်သို့ အရုပ်ကြိုးပြတ် လဲကျသွား၏။ မြေပြင်ပေါ်ရောက်သည်နှင့် လက်သီးဆုပ်ရင်း၊ အံကြိတ်ရင်း တစ်ကိုယ်လုံး မည်းနက်ကာ သေဆုံးသွားခဲ့၏။ ဤကား ဒေါသမီးလောင် ၍ သေခြင်းဖြစ်၏။
လောဘမီး၊ ဒေါသမီးသည် ဗုဒ္ဓဘာသာဝင်များကိုသာ လောင်သည်မဟုတ်၊ ကျန်ဘာသာဝင်များ အားလုံးကိုလည်း လောင်သည်သာဖြစ်၏။ လောဘကုန်ကြောင်း တရားတို့ကို ပွားများမည်ဆိုလျှင်လည်း ဗုဒ္ဓဘာသာဝင်များသာ အေးချမ်းမည်မဟုတ်၊ ကျန်ဘာသာဝင်များလည်း အေးချမ်းမည်သာဖြစ်၏။ ကိလေသာသည် ရောဂါနှင့် တူ၏။ ဝိပဿနာသည် ဆေးနှင့် တူ၏။
ရောဂါတစ်ခုခုဖြစ်နေသူသည် သူ့လူမျိုးဖော်သော ဆေး မဟုတ်သောကြောင့် တခြားလူမျိုး ဖော်သောဆေးကို တွေ့သော်လည်း မသောက်ဘူးဆိုလျှင် ရောဂါမပျောက်ရုံ သာဖြစ်၏။ ထို့အတူ ဝိပဿနာတရားကိုလည်း မိမိတို့ကိုးကွယ် သော ဘုရားက ပြသောတရားမဟုတ်၍ မကျင့်နိုင်ဟုဆိုလျှင် ကိလေသာရောဂါ မပျောက်ရုံသာရှိ၏။
အိမ်တစ်အိမ်ကို မီးလောင်လျှင် နီးစပ်ရာမှရေကို ခပ်ယူပြီး ငြှိမ်းသတ်ကြရ၏။ ထိုသို့ ငြှိမ်းသတ်ရာ၌ ငါ-ရေဘယ်နှစ်ပုံးလောင်းပြီးပြီဟု ရေတွက်နေစရာမလို။ ထို့အတူ ဒါန၊ သီလ၊ ဘာဝနာတို့ကို အားထုတ်ခြင်းသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာမီးများကို ငြိမ်းစေရန်ဖြစ်၏။ မိမိ သန္တာန်တွင် လောဘမီး၊ ဒေါသမီး စသော ကိလေသာမီးများ ဘယ်၍ဘယ်မျှ ငြိမ်းသွားပြီဆိုသည်ကိုသာ တွက်ဆရန်လို၏။
ထို့ကြောင့် ငါ ဘယ်၍ဘယ်မျှ ဒါန၊ သီလ၊ ဘာဝနာ အားထုတ်ပြီးပြီဟု ရေတွက်နေဖို့မလို၊ မိမိ သန္တာန်တွင် လောဘကို အမြစ်ပြတ် ပယ်သတ်နိုင်သည်မှာ မဂ်လေးပါးသာဖြစ်၏။
မေတ္တာရှင်(ရွှေပြည်သာ) ၏ သညာသိ နှင့် ပညာသိ စာအုပ်မှ-
No comments:
Post a Comment