တဏှာကြောင့် သောကဖြစ်ကြောင်း ထင်ရှားစေရန် သဘာဝယုတ္တိ တစ်ခုပြအံ့။ မိမိအိမ်ရှေ့မှ အသုဘတစ်ခု ဖြတ်သွားသည်ဆိုအံ့။ ထိုသေသူသည် မိမိနှင့် ပက်သက်မှုမရှိဟုဆိုလျှင် မည်သည့် သောက ပရိဒေဝမှ ဖြစ်မည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း၊ သေသူအပေါ်၌ စွဲလမ်းနှစ်သက်မှု တဏှာမရှိသောကြောင့်တည်း။ အကယ်၍ သေသူသည် မိမိမွေးချင်းထဲမှ တစ်ယောက်ဖြစ်မည်ဆိုလျှင် ဧကန်မုချ သောကပရိဒေဝ ဖြစ်ပေမည်။ အဘယ်ကြောင့်ဖြစ်ရသနည်း။ သေသူအပေါ်၌ စွဲလမ်းမှု တဏှာ ရှိနေသောကြောင့်ပင်တည်း။
အမေရိကန်ပြည်ထောင်စုမှ နှလုံးရောဂါသည် သူဌေးတစ်ယောက်နှင့် အနီးကပ်ပြုစုသော ဆရာဝန်တစ်ယောက်အကြောင်းကို ဖတ်ရဖူး၏။ ထိုစာကို ရေးသူက ဟာသအနေဖြင့်ရေးသော်လည်း ကျွန်ုပ်ကား တရားတစ်ပုဒ် အနေနှင့် မြင်မိ၏။ နှလုံးရောဂါသည်များသည် အလွန်ဝမ်းသာစရာသတင်း၊ အလွန်ဝမ်းနည်းစရာသတင်းများကို ကြားရလျှင် နှလုံးခုန်နှုန်းရပ်ပြီး သေတတ်ကြ၏။ နှလုံး ရပ်ပြီး သေခြင်းဟူသည် ဆေးသိပ္ပံနည်းအလိုဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာအရကား လောဘမီးနှင့် ဒေါသမီး လောင်သောကြောင့် သေခြင်းသာ ဖြစ်၏။