သာဝတ္ထိမြို့နဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့ ဗာရာဏသီမြို့ကနေ လှည်းငါးရာအပြည့် အထည်အလိပ်တွေ တင်ပြီး သာဝတ္ထိမြို့ရဲ့ ခုနစ်ရက်ကြာ ကျင်းပတဲ့ နက္ခတ်သဘင်ပွဲမှာ ရောင်းဝယ်ဖောက်ကားဖို့ ထွက်လာခဲ့တာပါ။
သာဝတ္ထိမြို့ရောက်လုနီး....မြစ်တစ်ခုနားအရောက်မှာတော့ မနက်ဖြန်မှ သာဝတ္ထိဘက် ကူးမယ်ဆိုပြီး မြစ်ကမ်းအနီးမှာ လှည်းတွေချွတ်၊ လှည်းဝိုင်းဖွဲ့ပြီး တစ်ညတာ စခန်းချ နားနေခဲ့ပါတယ်။
ညရောက်တော့ မမျှော်လင့်ဘဲ မိုးကြီးသည်းထန်စွာ ရွာသွန်းလိုက်တဲ့အတွက် မြစ်ရေတရကြမ်း စီးဆင်းပြီး မြစ်ရေကြီး၊ မြစ်ရေလျှံသွားခဲ့ပါတယ်။
ခုနစ်ရက်လုံးလုံး ရေမကျတဲ့အတွက် သာဝတ္ထိဘက် ကူးမရဖြစ်သွားပါတယ်။ ခုနစ်ရက်လွန်လို့ မြစ်ရေလည်း ကူးလို့ရရော၊ သာဝတ္ထိမြို့က နက္ခတ်သဘင်ပွဲလည်း ပြီးရောဆိုတော့ ကုန်သည်ကြီးမှာ အခက်တွေ့တော့တယ်။
ထွက်လာခဲ့တဲ့ ခရီးက ဝေးလံလွန်းလှတဲ့အတွက် အထည်အလိပ်တွေ ပြန်သယ်သွားရင် အပြန်ခရီးမှာ အချိန်လည်းကြာ၊ လူလည်း ပန်း၊ စရိတ်လည်း ထောင်း မှာမို့ ဗာရာဏသီ မပြန်တော့ဘဲ ဒီလှည်းဝိုင်းမှာပဲ စခန်းချနေထိုင်ရင်း အထည်တွေ တဖြည်းဖြည်း ကုန်အောင်ရောင်းတော့မယ်၊ နွေရော၊ မိုးရော၊ ဆောင်းရော ဒီနေရာမှာပဲ နေတော့မယ်၊ တစ်နှစ်လုံး ဒီမှာနေ၊ ဒီမှာစီးပွားရေးလုပ်ပြီးမှ ဗာရာဏသီပြန်တော့မယ်လို့ ကုန်သည်ကြီးက ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလို ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြတ်စွာဘုရားရှင်က သာဝတ္ထိမြို့တွင်းမှာ ဆွမ်းခံကြွနေပါတယ်။
ကုန်သည်ကြီးရဲ့ စိတ်အကြံကို သိတော်မူတဲ့ အတွက် မြတ်စွာဘုရားရှင်က ပြုံးတော်မူပါတယ်။ နောက်ထပ်ခုနစ်ရက်သာ အသက်ရှင်ရတော့မယ့်သူက တစ်နှစ်လုံး သာဝတ္ထိမှာနေဖို့ ကြံစည်နေပါလား ဆိုတဲ့ အသိနဲ့ ပြုံးတော်မူခြင်းပါပဲ။
ပြုံးရခြင်းအကြောင်း အရှင်အာနန္ဒာကို ပြောပြတော့ အရှင်အာနန္ဒာက မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ကုန်သည်ကြီးရှိရာ လှည်းဝိုင်းကို ဆွမ်းခံကြွတော်မူပါတယ်။
ဆွမ်လောင်းလာတဲ့ ကုန်သည်ကြီးကို အသက်ရဲ့ အန္တရာယ် ဆိုတာ သိဖို့မလွယ်ကြောင်း၊ အချိန်မရွေး၊ နေရာမရွေးမှာ အရွယ်မရွေး သေသွားနိုင်တဲ့အတွက် မသေခင် ကိုယ်ပိုင်တဲ့ လောလောလပ်လပ် အချိန်ပိုင်းကလေးမှာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဆိုတဲ့ အပ္ပမာဒ လုပ်ငန်းကြီးလေးရပ်ကို မမေ့မလျော့ ပြုသင့်ကြောင်း အရှင်အာနန္ဒာက မိန့်ကြားတော်မူပါတယ်။
နောက်ခုနစ်ရက်ပြည့်ရင် ဘ၀တစ်ပါး ပြောင်းသွားရမယ်လို့ မြတ်စွာဘုရားမိန့်တော်မူကြောင်း ကိုပါ ပြောပြလိုက်တဲ့အတွက် ကုန်သည်ကြီးခမျာ သတိသံဝေဂ အကြီးအကျယ် ရသွားပါတယ်။ ကိုယ့်ရဲ့ သေခြင်းတရားကို ကိုယ့်ရဲ့ အနီးအနားမှာ တွေ့မြင်လိုက်ရတော့ သတိသံဝေဂ အားကောင်းသွားပါတယ်။
သေခြင်းတရားကြောင့် အင်အားကြီးမားစွာ ဖြစ်ထွန်းတဲ့ သတိသံဝေဂကို အခြေခံပြီး ကုန်သည်ကြီးဟာ အပ္ပမာဒလုပ်ငန်းကြီး လေးရပ်ကို ခြေလှမ်းသွက်သွက် အရှိန်ပြင်းပြင်း ပြုလုပ်အားထုတ်ပါတယ်။
ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူတွေပေး၊ သီလတွေ ဆောက်တည်ကျင့်သုံး၊ သမထ၊ ၀ိပဿနာ၊ ဘာဝနာတရားတွေပွားများနဲ့ အပ္ပမာဒလုပ်ငန်းကြီး လေးရပ်ကို ဇယ်ဆက်သလို အကွက်စေ့စေ့ အားထုတ်လိုက်တာ ခုနစ်ရက်ပြည့်တဲ့နေ့မှာ သောတာပန် အရိယာပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။
အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အချိန်မရွေး၊ နေရာမရွေးမှာ အရွယ်မရွေး သေသွားနိုင်တယ်ဆိုတဲ့ အသက်ရဲ့ အန္တရာယ်ကို မသိမမြင် မဆင်ခြင်နိုင်တဲ့ အတွက်.....
ဒီနေရာပဲ မိုးလေးလပတ်လုံးနေမယ်။ ဒီနေရာမှာပဲ ဆောင်းလေးလပတ်လုံး နေမယ်။ ဒီနေရာမှာပဲ နွေလေးလပတ်လုံး နေမယ်။ ဒီနေရာမှာပဲ တစ်နှစ်ပတ်လုံး နေမယ်လို့ လွဲမှားစွာ ကြံစည် ဆုံးဖြတ်တတ်ကြပါတယ်။
အဲဒီ မြတ်စွာဘုရားတရားကို နာကြားရင် သတိပဋ္ဌာန် ၀ိပဿနာတရား ပွားများအားထုတ်လိုက်လို့ သောတာပန်ဖြစ်သွားခဲ့တာပါ။
တရားအဆုံး သောတာပန်ဖြစ်ပြီးတဲ့နောက် မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို လိုက်ပို့ပြီး လှည်းဝိုင်းကိုယ့်နေရာကိုယ်ပြန်အရောက် ခေါင်းမူးတယ်ဆိုပြီး အိပ်ရာပေါ် လှဲအိပ်လိုက်တာ လှဲအိပ်နေရင်နဲ့ပဲ ဘ၀တစ်ပါး ပြောင်းသွားခဲ့ပါတယ်။
အပ္ပမာဒလုပ်ငန်းတွေကို ပြည့်စုံပြီးမြောက်အောင် အားထုတ်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် သေလွန်တဲ့အခါ တုသိတာနတ်ပြည်ကို လားရောက်ခဲ့ရပါတယ်။
တုသိတာနတ်ပြည်ရောက်ရတဲ့ လောကီအကျိုး၊ သောတာပန်ဖြစ်ရတဲ့ လောကုတ္တရာအကျိုးတွေဟာ
သေခြင်းတရားကို အနီးကပ် သတိရလိုက်မိခြင်းရဲ့ အကျိုးတရားပါပဲ။
ခုနစ်ရက်ပြည့်ရင် သေရမယ်ဆိုတာသာ အစက ကြိုမသိခဲ့ရင်၊ ကြိုသိပေမယ့်လည်း မသေခင်လုပ်ရမယ့်
အလုပ်ကို မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်ခဲ့ရင်၊ ဆုံးဖြတ်တတ်ပေမယ့်လည်း တကယ်လက်တွေ့
အလုပ်မလုပ်ဖြစ်ခဲ့ရင် အခုလို လောကီ၊ လောကုတ္တရာကောင်းကျိုးတွေ ရလာမှာ မဟုတ်ပါဘူး။
လူတိုင်လူတိုင်း ကုန်သည်ကြီးလို သေခြင်းတရားကို ကိုယ်နဲ့ အနီးဆုံးနေရာမှာ ထားပြီး ရှုမြင် ဆင်ခြင်
နိုင်ခဲ့မယ်ဆိုရင် အံ့သြဖွယ်ကောင်းလောက်အောင် လောကီ၊ လောကုတ္တရာ ကောင်းကျိုးတွေရလာမှာ
သေချာပါတယ်။
သေခြင်းတရားကို ကြိုတွေးခြင်း၊ ကြိုသိခြင်းဟာ လောကီ၊ လောကုတ္တရာ အဖိုးတန်ရတနာသိုက်တွေကို
အမြန်ဆုံး တူးဖော်ပေးမယ့် အကောင်းဆုံးလက်နက်ပါပဲ။
အရှင်ဆန္ဒာဓိက (သေမယ်ဆိုတာ အစကကြိုသိခဲ့ရင်)
No comments:
Post a Comment