Monday, July 2, 2012

ဘယ်သူသတ်သလဲ(၂)

သေသူကမွေး၊ သေသွေးပါလာ၊
သေမှာမလွဲ၊ သေမြဲသေချာ၊ ငါလည်းပဲ၊ အမြဲသေရမှာ

အဖေတို့ မရှိတော့ဘူး၊ အမေလည်း မရှိတော့ဘူး၊ အဘိုး အဘွားတွေလည်း မရှိတော့ပါဘူး။ ဘိုးဘေး အဆက်ဆက်လည်းမရှိတော့ပါဘူး။ သေသွားကြပါတယ်။
အဲဒီ သေသွားကြတဲ့ ပုဂ္ဂိုလ်တွေက တိုက်နဲ့ခြံနဲ့ ဝင်းနဲ့ ပစ္စည်း ဥစ္စာတွေကို ချန်ထားခဲ့တယ်လို့ အပေါ်ယံပဲ မြင်ကြတာပါ။

တကယ်တမ်းကျတော့ သူတို့တွေက ချစ်လွန်လွန်းလို့ ဒီသားကို သေတဲ့ဓာတ်တွေ အမွေပေးခဲ့တာ။ သေတဲ့သူက မွေးရင် သေသွေးပါလာမှာပဲ။ ဒါက သဘာဝတရားကြီးပါ၊ အမှန်တရားကြီးပါ။

သေသူကမွေး၊ သေသွေးပါလာ၊
သေမှာမလွဲ၊ သေမြဲသေချာ

သေမင်း ဘယ်မှာနေတုံးဆိုရင် အသွေးထဲမှာ အသားထဲမှာ နေတာပါ။ သေမင်းဆိုတာ အချွန်ကြီး အတက်ကြီးနဲ့ ဟာမျိုးကို သေမင်း မထင်ပါနဲ့။ တစ်ကိုယ်လုံးမှာ သေမင်းရှိပါတယ်။

ဘယ်အချိန်ကတည်းက သေမင်းရှိတာလဲဆိုရင် အမိဝမ်းထဲမှာ ကလလရည်ကြည် သန္ဓေတည်ကတည်းက ရှိတာပါ။ သူမခေါ်သေးလို့သာ ကိုယ်က နေနေရတာပါ။

မွေးကတည်းက သေမင်းက ပါလာပြီးသားပါ။

သေမင်းက သူတစ်ယောက်တည်း မဟုတ်ပါဘူး။ အိုတာတွေ၊ နာတာတွေကိုပါ ခေါ်ပြီး အတူလာခဲ့တာပါ။

နာသူကမွေး၊ နာသွေးပါလာ၊
နာမှာမလွဲ၊ နာမြဲသေချာ၊
ငါလည်းပဲ၊ အမြဲနာရမှာ

သူလည်းပဲ နာရမှာပဲ၊ ငါလည်းပဲ နာရမှာပဲ။ သေမင်းဆိုတာ သူတစ်ယောက်တည်း လာတာ မဟုတ်ဘူး။ နာမင်းလည်း ပါလာတယ်။ အိုမင်းလည်း ပါလာပါတယ်။

အိုသူကမွေး၊ အိုသွေးပါလာ၊
အိုမှာမလွဲ၊ အိုမြဲသေချာ၊
ငါလည်းပဲ၊ အမြဲအိုရမှာ

သေမင်းနဲ့အတူအိုမင်းလည်း ပါလာပါတယ်။
အဖေ အမေက သားသမီးတွေအတွက် ဘာတွေ ချန်ခဲ့တာလဲဆိုတော့ အဲဒီဓာတ်တွေ ချန်ခဲ့တာဖြစ်ပါတယ်။ အိုသွေး၊ နာသွေး၊ သေသွေးတွေ အမွေပေးခဲ့တာပါ။

အဘိုး အဘွားတွေ ဘာတွေ အမွေပေးခဲ့တာတုံးဆိုရင် အိုသွေး၊ နာသွေး၊ သေသွေးတွေ အမွေပေးခဲ့တာပါ။

အဲဒီလို သဘောပေါက်သွားရင် ငါ့အဘိုး၊ ငါ့အဖေ၊ ငါ့အကို၊ ငါ့ဆွေမျိုး ဘာလို့ သေတာတုံးလို့ ထူးထူးဆန်းဆန်း ရှာစရာ မလိုတော့ပါဘူး၊ စိတ်မကောင်းနေစရာလည်း မလိုတော့ပါဘူး။

မွေးလာတဲ့ သတ္တဝါတွေဟာ မွေးပြီးတာနဲ့ တစ်ပြိုင်နက် အိုလာမယ်၊ နာလာမယ်၊ အချိန်ကျရင် သေရမှာပါပဲ။ ဒါဟာ ထုံးစံပါပဲ။ အသိဉာဏ်လေးရှိလာရင် သေတာဟာ သဘာဝပဲ။ သေတာဟာ ထုံးစံပဲလို့ မြင်လာ ခံယူလာပါမယ်။

ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ (အရှုံးထဲကအမြတ်)

No comments:

Post a Comment