တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မဟာဂါမလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာကိုစားရတဲ့ တိဿအမတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလဲ ကြည်ညိုမြတ်နိုးတော်မူတယ်လို့ဆိုပါတယ်။
တစ်နေ့တော့ အဲဒီတိဿအမတ်ကို သူကိုးကွယ် ဆည်းကပ်နေကျ ဆရာဘုန်းကြီးက "ဒက္ခိဏဝိဘင်္ဂသုတ်" ကို ဟောလိုက်ပါတယ်။ ဒက္ခိဏဝိဘင်္ဂသုတ်ဆိုတာ အလှူခံ တစ်ကျိပ်လေးယောက်အကြောင်းကို အကျယ်အဝေဘန်ပြထားတဲ့သုတ်ပါ။ တိဿအမတ်ဟာ အဲဒီသုတ်ကိုနာကြားပြီးတဲ့နေ့ကစပြီး သူရဲ့စားဦးကို မလှူဘဲ ထမင်းမစားတော့ပါဘူး။ ပြီးတော့စားဦးကိုလှူပြီးမှထမင်းစားမယ်ဆိုပြီးသန္နာဋ္ဌာန် ချခဲ့ပါတယ်။ ချခဲ့တဲ့အတိုင်လဲ စားဦးကိုလှူပြီးမှ ထမင်းစား လေ့ရှိပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ ဇနပုဒ်ကရောက်လာတဲ့ဧည့်သည်တွေနဲ့ တိုင်းရေးပြည်ရေးကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ ထမင်းစားဖို့အခွင့်ရပါတယ်။ မွန်းတည့် လွန်သွားပြီဆိုတော့ စားဦးကို ရဟန်းသံဃာတွေ လှူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ စားဦးကို ဘယ်သူ့များလှူရမလဲလို့ စဉ်းစားပါတယ်။ အနားမှာရှိတဲ့ တပည့် တစ်ယောက်က သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ကိုလှူဖို့ အကြံပေးပါတယ်။ တိဿအမတ်ကလဲ သဘောတူစွာနဲ့ပဲ သူ့ရဲ့တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို စားဦးလှူဖို့ လွှတ်လိုက်ပါတယ်။
တကယ်တော့ ပရိဗိုဇ်ဟာ အဝတ်ဖြူဝတ်ထားပေမယ့် အကျင့်သီလလဲ ထူးထူးခြားခြားမရှိလှပါဘူး။ ထူးခြားတာဆိုလို့ အဝတ်ဖြူဝတ်ထားတာ တစ်ခုပဲရှိပါတယ်။
တိဿအမတ်ရဲ့တပည့်တွေ ပရိဗိုဇ်ဆီသွားတဲ့ အချိန်မှာပရိဗိုဇ်က ဘာလုပ်နေသလဲဆိုတော့
ရေကန်ဘောင်ပေါ်မှာငါးမျှားနေပါသတဲ့။ ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေလာနေပြီဆိုတာ် သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို ရေထဲပစ်ချ၊ ခြေထောက်နဲ့အသာနင်းထားပြီး သူမဟုတ်သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။
ဒါပေမဲ့ တိဿအမတ်ရဲ့တပည့်တွေက ပရိဗိုဇ်ရဲ့ အပြုအမူကို မြင်ဖြစ်အောင်မြင်သွားပါတယ်။ ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ပရိဗိုဇ် စားဦးနဲ့မတန်ဘူးဆိုပြီး တိဿအမတ်ဆီစားဦးကို ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီရောက်တော့ တပည့်တွေက တိဿအမတ်ကို အကြောင်းစုံ ပြောပြပါတယ်။ ဒီတော့ တိဿအမတ်က ဘာပြန်ပြောသလဲ ဆိုတော့-
"အမောင်တို့၊ ပရိဗိုဇ်ဟာယုတ်မာတဲ့အကျင့် ရှိတယ်လို့ဆိုပေမယ့် သင်တို့ကိုမြင်တော့ မကောင်းမှုကို လူမြင်မှာရှက်တတ်တဲ့စိတ်ကလေးနဲ့ ငါးမျှားတံကို ရေထဲမှာနှစ်ပြီးဝှက်ထားရှာတယ်၊ အဲဒီမကောင်းမှုကို လူမြင်မှာရှက်တတ်တဲ့ စိတ်ကလေးသည်ပင် ပရိဗိုဇ်အတွက်စားဦးကို အလှူခံထိုက်ပါတယ်၊ ငါ့အနေနဲ့လည်း အဲဒီမကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲစိတ်ကလေးကိုပဲ ကြည်ညိုလို့ရပါပြီ၊ ကဲ-ပြန်လှူလိုက်ကြပါ"
လို့ပြောပြီး ပရဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်၊ စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့ ဆိုပါတယ်။
ဒီဝတ္ထုလေးဖတ်ပြီးတော့ 'တိဿအမတ်နေရာမှာ ငါသာဆိုရင်' ဆိုတဲ့အတွေးက မသိမသာဝင်လာပါတယ်၊
'အေးကွာ-မင်းတို့ပြောတာမှန်တယ်၊ ဒီလောက် ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့မတန်ဘူး၊ အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ၊ ငါတို့စားတာမှ ဗိုက်ဝဦးမယ်' အဲဒီလိုများ ခပ်ညံ့ညံ့စိတ်ဓာတ်နဲ့ တွေးဖြစ်မလား မသိပါဘူး။
ဘာပဲပြောပြော တိဿအမတ်ကတော့ ဒါနကုသိုလ်ဖြစ်သွားတာပါပဲ၊ ဆရာကြီးဦးရွှေအောင်စကားနဲ့ ပြောရရင် ဒါနကိုပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။
အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ရခြင်းနဲ့ အကုသိုလ်ဖြစ်ရခြင်းအကြောင်းတွေကို ဒီလိုပြထားပါတယ်။
ကုသလံယောနိသောမနသိကာရ ပဒဋ္ဌာနံ၊
အကုသလံ အယောနိသောမနသိကာရပဒဋ္ဌာနံ၊
အဓိပ္ပါယ်ကတော့-ကုသိုလ်ဖြစ်ရခြင်းရဲ့အကြောင်းက ယောနိသောမနသိကာရ ရှိလို့ပါတဲ့၊ အကုသိုလ် ဖြစ်ရခြင်းအကြောင်းကတော့ အယောနိသောမနသိကာရ ရှိလို့ပါပဲတဲ့၊ ဆိုလိုချက်ကတော့ ယောနိသော မနသိကာရ ရှိရင် ကုသိုလ်ဖြစ်မယ်၊ အယောနိသောမနသိကာရ ရှိရင် အကုသိုလ်ဖြစ်မယ် ဒါပါပဲ။
ဆရာတော် ရဝေနွယ်(အင်းမ) (ကုသိုလ်ဖြစ်အောင် တွေးမယ်)
No comments:
Post a Comment