Thursday, July 26, 2012

မိုင်းဗုံးအန္တာရာယ် သရဏဂုံကယ်

သူ့အမည်က ဒေါ်မြလေး၊ လှိုင်မြို့နယ် (၃) ရပ်ကွက်၊ (၁၀) လမ်းတွင် နေထိုင်သည်။ ယခုအချိန် ၁၉၉၂-ခုတွင် အသက် ခုနှစ်ဆယ်ကျော်ခဲ့ပါပြီ၊ ခင်ပွန်းဖြစ်သူက အဖွားထက် အသက်ပိုကြီးပါသည်။ ယခုအချိန်တိုင်အောင် ဇနီးမောင်နှံ နှစ်ယောက်စလုံး ကျန်းကျန်းမာမာ ရှိနေလျက်ပင်။

"အရှင်ဘုရားက သရဏဂုံအကြောင်းကို စားလည်းရေး၊ တရားလည်း ဟောတယ်ဆိုတော့ တပည့်တော် ကိုယ်တွေ့တစ်ခုနဲ့၊ တပည့်တော်မ တူတစ်ယောက်ရဲ့ ကိုယ်တွေ့တစ်ခုကို အများအကျိုးအတွက် ပြောပြပါ့မယ်။"
"တပည့်တော်မက မွန်လူမျိုးပါ၊ မော်လမြိုင်ဇာတိပါပဲ၊ သရဏဂုံသုံးပါးကို ရွတ်ဆိုပွားများ ပုတီးစိပ်တာကတော့ သိတတ်တဲ့ အရွယ်ကတည်းကပါပဲ၊ တပည့်တော်မ ခင်ပွန်းလည်း တပည့်တော်မနဲ့ အိမ်ထောင်ကျစကတည်းက သရဏဂုံ ပုတီးစိတ် မြဲခဲ့တဲ့ သူပါ။ ဒါကြောင့်လည်း အခုပြောတော့မယ့် လက်တွေ့ ဖြစ်ရပ်မှာ ဇနီးမောင်နှံ နှစ်ယောက်စလုံး သေဘေးက လွတ်ခဲ့ကြရတာပါ။"

"နှစ်ကတော့ အတော်ကြာခဲ့ပါပြီဘုရား၊ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်လောက်ကပေါ့၊ တပည့်တော်မတို့ လင်မယားနှစ်ယောက်လုံး ရထားစီပြီး မော်လမြိုင်ကို ခေတ္တအလည်ပြန်ကြပါတယ်၊ တပည့်တော်မတို့ ဇနီးမောင်နှံမှာ မမေ့မလျှော့တဲ့ ကျင့်စဉ်တစ်ခု ရှိပါတယ်။"

"အဲဒါကတော့ ခရီးသွားပြီဆိုရင် ယာဉ်ပေါ်ကို ရောက်တာနဲ့ သရဏဂုံသုံးပါးကို လိုရာခရီး မရောက်မချင်း ရွတ်ဖတ်သရဇ္ဈာယ်ကြတဲ့ အကျင့်ပါပဲ၊ ခရီးဝေးဝေး နီးနီး, ဒီအကျင့်ကတော့ ဘယ်တော့မှ မပျောက်တော့ပါဘူး။"

"သရဏဂုံ အပါအ၀င် ဂါထာမှန်သမျှ ရွတ်ဖတ်သရဇ္ဈာယ်ကြမယ့် သူများကို တပည့်တော်က တစ်ခုလောက် သတိပေးချင်ပါတယ်၊ အဲဒါကတော့ ဂါထာမန္တာန်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါမှာ "ခလုတ်ထိမှ အမိ,တ" သဘောမျိုး အရေးကြုံမှ ထရွတ်တာမျိုးတော့ မဖြစ်စေချင်ဘူး ဘုရား။"

"မိမိက နေ့စဉ်စရဏ မရှိဘဲ အရေးကြုံမှ ထရွတ်လို့ ထင်သလို ဖြစ်မလာတဲ့အခါ ဘုရားဟော ဂါထာတွေကို "ဘာမှ မစွမ်းပါဘူး၊ အလကား ပါပဲ" ဆိုပြီး အပြစ်ပြောတတ်ကြပါတယ်၊ အဲဒါ ဘုရားဟော ဂါထာက မစွမ်းလို့ မဟုတ်ပါဘူး၊ မိမိက နေ့စဉ်စရဏ မရှိလို့ ထင်သလို ဖြစ်မလာတာပါ။"

"ဥပမာအားဖြင့် အမြဲတမ်း ဓားထက်ထက်ကို အလွယ်တကူသုံးချင်ရင် အဲဒီဓားကို မကြာခဏ သွေးပေးနေရပါတယ်၊ ဒါမှလည်း မိမိ လိုလို့ သုံးတဲ့အခါ ပြတ်မှာပေါ့၊ အဲဒီလို မဟုတ်ပဲနဲ့ ဓားကိုတော့ မသွေးမပြု ထားချင်သလို ပြစ်ထားပြီး အသုံးလိုမှ ထုတ်သုံးလို့ကတော့ ဘယ်လိုမှ ပြတ်မှာ မဟုတ်ပါဘူး။"

"အဲဒီ မပြတ်တာက ဓာရဲ့ အပြစ်မဟုတ်ပါဘူး၊ မသွေးတဲ့ လူရဲ့ အပြစ်ပါ၊ အခုလည်း သရဏဂုံသုံးပါးကို ကျင့်ဝတ်ကလေးထားပြီး နေ့စဉ် တတ်နိုင်သလောက် အချိန်ကလေးမှာ ရွတ်ဖတ် သရဇ္ဈာယ်နေဖို့ လိုပါတယ်။ သရဏဂုံသုံးပါးကတော့ မစွမ်းမှာ ဘာမှ မပူပါနဲ့၊ စာလုံး တစ်လုံးတစ်လုံးမှာ မြတ်စွာဘုရား ကျင့်ကြံတော်မူခဲ့တဲ့ လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီအားတွေ တင်းပြည့်ကျပ်ပြည့် ပါနေလျက်ပါ။"

"ကဲ တပည့်တော်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကလေးကို အကျဉ်းချုပ်ပဲ ပြောပါရစေတော့၊ တပည့်တော်တို့ စီးတဲ့ရထားဟာ သူပုန်တွေ ထောင်ထားတဲ့ မိုင်း ထိမိပါတယ်ဘုရား၊ ကံဆိုးချင်တော့ တပည့်တော်တို့ စီးတဲ့ အတွဲတည့်တည့်မှာ မိုင်းတစ်လုံး လာပေါက်တယ်ဘုရား။"

"၀ုန်းဆိုတဲ့ အသံနဲ့အတူ တပည့်တော်တို့ စီးတဲ့ ရထားတွဲကြီး အပေါ်ကို မြောက်တက်သွားလိုက်တာ တပည့်တော်စိတ်ထဲ တော်တော်ကြီးကို ကြာမယ် ထင်ပါတယ်၊ တပည့်တော်တို့ ဇနီးမောင်နှံ နှစ်ယောက်ကတော့ '၀ုန်း' ဆိုတဲ့ အသံကြားကတည်းက တစ်ယောက်လက် တစ်ယောက်ဆုပ်ပြီး သရဏဂုံသုံးပါးကိုပဲ မျက်စိမှိတ်ပြီး ရွတ်နေလိုက်ကြတယ်ဘုရား။"

"မြေကြီးပေါ်ကို ပြန်ကျလိုက်တဲ့ အရှိန်ကလည်း ဘယ်နည်းလိမ့်မလဲ ဘုရား၊ သေလိုက်ကြတာကတော့ အရှင်ဘုရားရယ်၊ မြင်မကောင်း ရှုမကောင်းပါပဲ၊ သရဏဂုံ ကိုယ်လုံးခြုံထားတဲ့ တပည့်တော်တို့ ဇနီးမောင်နှံ မှာတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူးဘုရား၊ သရဏဂုံသုံးပါးက ကယ်ခဲ့လို့သာ တပည့်တော်တို့ ဒီအသက်အရွယ်ထိ နေ,နေရတာပေါ့ ဘုရား။"

"မြန်မာနိုင်ငံကမိုင်းခွဲ ခံရတဲ့ ရထားတွေထဲမှတော့ တပည့်တော်တို့စီးတဲ့ ရထားလောက် လူသေများတာ ရှိမယ်မထင်ပါဘူး ဘုရား။"

မေတ္တာရှင်(ရွှေပြည်သာ) (သရဏဂုံအစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ)

No comments:

Post a Comment