၁၃၅၀ ခုနှစ်ခန့်ကပင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၆/ ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက်
...............မြို့ ဆေးရုံ၏ အရေးပေါ် အခန်းတွင် ရောက်လျက်ရှိပါသည်။ ရောဂါက အမျိုးသမီးများ အဖြစ်များသော သားအိမ်ထဲ အကြိတ်အလုံးတည်ခြင်း၊ ရောဂါတစ်ခုပင်။
စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာ အရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခု ခက်နေသည်က ဒေါ်တင်မှာ ရှိနေသော သွေးတိုးရောဂါပင်။ ၎င်းရောဂါကို အရင်သက်သာအောင် ဆေးစား
ပြီး စောင့်နေရသည်က နှစ်ရက်သုံးရက် ကြာသွားသည်။ အရေးပေါ်အခန်း ဖြစ်သည့်အတွက်
စောင့်ပေးသော ညီမမှာလည်း အထဲဝင်ခွင့်မရ၊ အခြားနေရာမှာသာ စောင့်ရရှာသည်။
ညနေရောက်လာသည်နှင့် ကြောက်စိတ်က အလိုလို ၀င်လာသည်။ အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြား ကုလားအမျိုးသမီးတစ်ဦးသာ တွေ့ရသည်။ ဘာသာရော လူမျိုးပါကွဲတော့ တော်တော်နဲ့ စကားမပြောဖြစ်။ သုံးရက်မြောက် နံနက်တွင် ထိုဘာသာခြား အမျိုးသမီးထံမှ ရှိုက်သံသဲ့သဲ့ ထွက်လာချိန်တွင်တော့ ဒေါ်တင်တစ်ယောက် မနေနိုင်ဖြစ်ရတော့သည်။ မိန်းမချင်း ကိုယ်ချင်းစာသော စိတ်ဖြင့် သွားရောက် မေးမြန်းမိသည်။
"သြော်....ဒီကညီမ၊ ကျွန်မ ဘာများ အကူအညီပေးရမလဲဟင်"
"ကျွန်မကို ကယ်နိုင်ရင် ကယ်ကြပါရှင်၊ ကျွန်မ, နေရတော့မှာ မဟုတ်ဘူး" ဟု ပြောပြောဆိုဆိုဖြင့်
ဒေါ်တင်ဘက်သို့ လှည့်ကြည့်လိုက်သော ဘာသာခြား အမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့်
ဒေါ်တင်တစ်ယောက် ထိတ်ခနဲ ဖြစ်သွားကာ ထရပ်မိမတတ် ဖြစ်သွားသည်။ ဖြစ်မည်ဆိုလည်း
ဖြစ်လောက်စရာပင်။
အဘယ့်ကြောင့်ဆိုသော် ဆင်းရက်ပင် ရပြီဖြစ်၍ ကျမ်းမာစ ဖြစ်နေသော ဘာသာခြား အမျိုးသမီးမှာ ညကပင် စိတ်ချမ်းချမ်းသာသာ ၀၀ဖြိုးဖြိုး တွေ့ရသော်လည်း ယခုမနက်တွင်ကား အသားအရေများမှာ ယူပစ်လိုက်သကဲ့သို့ တစ်ကိုယ်လုံး အရိုးပေါ် အရေတင်သာ ကျန်ရှာတော့သည်။
ပါးချောင်ကြီး ကျပြီး မျက်တွင်းကြီးချိုင့်နေလိုက်သည်မှာ ကြောက်တတ်သူဆိုလျှင် လိပ်ပြာလွင့်လောက်ပါသည်။ သို့သော် မြန်မာလူမျိုးတို့ လက်သုံး ကရုဏာတရားက အကြောက်တရားကို လွှမ်းမိုးသွားသဖြင့် ကုတင်ဘေးတွင် တင်ပလွှဲ ထိုင်နေရင်းက ထိုအမျိုးသမီး၏ လက်ကို ဆုပ်ကာ အားပေးမိသည်။
"ညီမရယ်၊ အားငယ်စရာတွေ မပြောပါနဲ့၊ ဆရာဝန်ကြီးကတောင် ညီမကို ဆင်းရက်ရပြီလို့ ပြောသွားတယ်
မဟုတ်လား၊ ညီမ ဘာမှ ဖြစ်စရာ မရှိပါဘူး"
"ညီမ နေရဖို့ အချိန်မရှိပါဘူး၊ အစ်မကိုပဲ မှာချင်တာ မှာခဲ့ပါရစေ၊ နေ့ခင်း ညီမအိမ်က လူတွေလာတဲ့အခါ တစ်ခုလောက် ပြောပေးပါ"
"ပြောလေ ညီမ၊ ဘာပြောပေးရမလဲ"
"ညီမ စုထားတဲ့ ငွေကြေးအချို့ကို ကုသိုလ်ပြုပြီး ညီမကို အမျှ ပေးကြပါလို့"
"ညီမက ဗုဒ္ဓဘာသာလား"
"ဗုဒ္ဓဘာသာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကုသိုလ်ပြု အမျှဝေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာအတိုင်းသာ
ပြုပေးပါ လို့ ပြောပေးပါ"
"အေး.....အေး.....ပြောပေးပါ့မယ်ကွယ်"
ထိုအခါ ဒေါ်တင်တစ်ယောက်ပျဉ်းမနားမှ ကုလားသူဋ္ဌေးကြီးတစ်ယောက်အကြောင်းကို သွားအမှတ်ရနေမိသည်။ ၎င်းသူဋ္ဌေးကြီးမှာ သမီးတစ်ယောက်သာရှိရာ လင်မယားနှစ်ယောက်လုံး ငုံထားမတတ် ချစ်ကြသည်။
တစ်နေ့တော့ သမီးငယ်လေးမှာ ရုတ်တရက် ရောဂါတစ်ခုဖြင့် ဆုံးပါးသွားတော့ရာ သူဋ္ဌေးကြီးတို့ လင်မယားမှာ ဆောက်တည်ရာမရ ဖြစ်အောင် ခံစားကြရရှာသည်။ မကျွတ်ရှာသော သမီးလေးမှာ သေပြီး
နောက်တစ်ရက်မှာပင် သူနေသော အခန်းထဲမှ ချိုးချိုးချွတ်ချွတ် အသံပေးခြင်း၊ မိဘနှစ်ပါးသာ ရှိနေသောအခါတို့တွင် " ဒယ်ဒီနဲ့မာမီ သမီးကို အ၀တ်အစားတွေပေးပါ " ဟူသော အသံကလေးကို ညတိုင်း ကြားနေရသဖြင့် သူတို့ဘာသာ ထုံးစံအတိုင်း ပြုလုပ်ပေးသော်လည်း သမီးငယ်လေး အသံက
ပျောက်ပျက်မသွားပေ။
သို့ဖြင့် မိဘနှစ်ပါးမှာ ကြံရာမရ ဖြစ်နေစဉ် သစ်လုပ်သားထဲမှ ဗုဒ္ဓဘာသာတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး
ဗုဒ္ဓဘာသာနည်းအတိုင်း ရဟန်းသံဃာများပင့်ကာ ဆွမ်း သင်္ကန်းများ လှူပြီး အမျှပေးသောအခါမှ ညတိုင်း
ကြားနေသော သမီးငယ်လေး၏ အသံမှာ ပျောက်သွားခဲ့ပါသည်။ ထို့နောက် သူဋ္ဌေးကြီးတို့ လင်မယား
နှစ်ယောက်လည်း "ဗုဒ္ဓဘာသာ အဖြစ်သို့" ကူးပြောင်း ရောက်ရှိလာခဲ့ပါတော့သည်။
ယခု အမျိုးသမီးလည်း ထိုကဲ့သို့ပင် သဘောပေါက်ထားသောကြောင့် ယခုလို ပြောခိုင်ခြင်း ဖြစ်လိမ့်မည်
ဟူ၍ နားလည်ထားလိုက်ပါသည်။
"အစ်မကိုလည်း ကိုယ့်အစ်မအရင်းလို သဘောထားပြီး တစ်ခု သတိမှာခဲ့ပါရစေ"
"ရှင်......သြော် ပြောလေ ညီမ၊ ပြောပါ"
ကိုယ်အတွေးနဲ့ကိုယ် လွင့်မျောနေသော အချိန်မို့ ဒေါ်တင်ထံမှ အာမေဍိတ်သံတစ်ခု ထွက်သွားသည်။
"အစ်မ ,ညီမ အခုသေရမယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့
မကောင်းဆိုးဝါးတွေကြောင့်ပဲ၊ အစ်မလည်း ကိုယ့်ဘာသာနည်းနဲ့ကိုယ် မကောင်းဆိုးဝါးဘေးက လွတ်အောင် အကာအကွယ် လုပ်ထားပါ"
"ညီမကို မနေ့ညက ဆယ်နှစ်နာရီလောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ ခေါင်းပြတ်ကြီးဆယ်လုံးက
ဝိုင်းပြီး လိုက်ကြတယ်၊ ပထမတော့ ကိုယ်ဘာသာနည်းနဲ့ ကြိုးစားပြီး ကာကွယ်ကြည့်သေးတယ်။ ဘယ်လိုမှ
မရဘူး၊ မရတဲ့အဆုံးမှာတော့ သူလိုကိုယ်လိုပဲ ထွက်ပြေးရတော့တာပေါ့-
"ဒါပေမဲ့ မလွယ်ပါဘူး အစ်မရယ်၊ နောက်တော့ ညီမရဲ့ ဟောဒီ လက်မလေးကို ခေါင်းပြတ်တစ်လုံးက
ကိုက်မိသွားတယ်၊ ဒီမှာ ,သေချာကြည့်ပါ အစ်မ"
ဒေါ်တင်တစ်ယောက် မယုံတစ်ဝက် ယုံတစ်ဝက် မျက်နှာဖြင့် သေချာကြည့်လိုက်တော့ သွားကိုက်ရာများဖြင့် သွေးခြေဥနေသော လက်မကလေးကို သေသေချာချာ မြင်လိုက်ရသည်။
"ဘုရား-ဘုရား, ဘယ်လိုများ ဖြစ်ကုန်ကြပါလိမ့်" အထိပ်တလန့်ဖြင့် စိတ်ထဲမှာ တလိုက်မိသည်။
"ညီမရဲ့ လက်ကို အကိုက်ခံလိုက်ရကတည်းက ညီမမှာရှိတဲ့ အားတွေ နည်းနည်းမှ မကျန်အောင် ထုတ်ယူပစ်လိုက်သလို ခံစားလိုက်ရတယ်၊ လူလည်း အ၀တ်ပုံကြီးလို ခွေကျသွားတယ်၊ အဲဒီ အချိန်မှာပဲ
မည်းမည်းအကောင်ကြီး တစ်ကောင်က ညီမကို ဟိုး......ကောင်းကင် အမြင့်ကြီးထိ ဖမ်းခေါ်ပြီးမှ အောက်
မြေပေါ်ကို ပြန်လွှတ်ချပစ်လိုက်တယ်၊ အခုတော့ ညီမ အဲဒီ ဒဏ်နဲ့ပဲ သေရတော့မှာပါ။ ကဲ.....ကဲ
အစ်မလည်း အစ်မ နေရာသွားပြီး ကိုယ့် အကာအကွယ်နဲ့ကိုယ် နေပါတော့"
ထိုသို့ ပြောဆိုပြီးသည်နှင့် အမျိုးသမီးက စောင်ကို ခေါင်းမြီးခြုံသွားသဖြင့် ဒေါ်တင်တစ်ယောက် ဘာမှ
ဆက်မပြောနိုင်တော့ဘဲ မိမိကုတင်သို့ ပြန်ခဲ့ရတော့သည်။ ထိုအချိန်မှာပင် လူနာစောင့် တာဝန်ကျနေသော
ဒေါ်တင်၏ ညီမအငယ်ဆုံး အခန်းထဲသို့ စားစရာအချို့နှင့်အတူ ၀င်လာသည်။
"အစ်မရေ-ကျွန်မဆရာဝန်ကြီးနဲ့ တွေ့လာတယ်၊ ဆရာဝန်ကြီးက ပြောတယ်၊ သွေးတိုးရောဂါ စိတ်ချရမှ
ခွဲဆိုတော့ နောက်သုံးရက်လောက် စောင့်ရဦးမယ်တဲ့၊ အဲဒီတော့ ခွဲစိတ်မယ့်ရက်မှပဲ ညီမလာတော့မယ်၊
ဒီကြားထဲတော့ ဆေးရုံက ထမင်းဆိုင်မှာပဲ အစ်မဘာသာ ကြည့်စားပေတော့၊ ဆိုင်ကိုလည်း မှာထားပါတယ်၊ အစ်မ လာမစားနိုင်ရင် အခန်းထဲထိ ပို့ပေးပါလို့၊ ကဲ......ကျွန်မ ပြန်တော့မယ်၊ အိမ်မှာ
ကလေးတွေချည်းဆိုတော့ စိတ်မချရဘူး၊ အစ်မရော ဘာမှာချင်သေးလဲ"
အစောင့်ဖြစ်သောညီမ ပြန်တော့မည် ဆိုတော့လည်း ဒေါ်တင် စိတ်ထဲ အားငယ်စိတ်က အလိုလို ၀င်ရောက်လာသည်။ သူ့ကိုယ်သူ သေမည်ဟု ပြောနေသော အမျိုးသမီးကို လှည့်ကြည့်လိုက်တော့
စောင်ခေါင်းမြီးခြုံလျက် တိတ်ဆိတ် ငြိမ်သက်စွာ တွေ့ရသောကြောင့် "သေများ သေသွားပြီလား" ဟူသော
အတွေးနှင့်အတူ ခန္ဓာကိုယ်မှာ ဆတ်ခနဲ့ တစ်ချက်တုန်သွားသည်ကို ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။
အကြီးဆုံး အစ်မတစ်ယောက်က အငယ်ဆုံး ညီမတစ်ယောက်ကို 'ငါ ကြောက်လို့ မပြန်ပါနဲ့' ဟူသော စကားကိုလည်း ပြောရမှာ ရှက်နေသဖြင့် ဘာမှ မပြောမိ။
"ကဲလေ.....ပြန်ချင်လည်း ပြန်ပေါ့၊ အစ်မအတွက် ဘာမှ ပူစရာမရှိပါဘူး၊ မှာစရာလည်း မရှိဘူး"
ဒေါ်တင်၏ စကားဆုံးသည်နှင့် ညီမဖြစ်သူမှာ သိမ်းစရာရှိသော ပစ္စည်းအချို့ကို သိမ်းဆည်း၍ ဆေးရုံဝင်းထဲမှ ထွက်ခွာသွားပါတော့သည်။ ဟိုတွေး သည်တွေးဖြင့် အချိန်ကုန်သွားရာ နေ့လည် ဆယ့်နှစ်နာရီခန့် အချိန်မှာပင် ဘာသာခြား အမျိုးသမီး၏ ဆွေမျိုးများ ဖြစ်ဟန်တူသော မိန်းမနှစ်ယောက်နှင့် ယောက်ျားတစ်ယောက်တို့ ၀င်လာသည်ကို တွေ့လိုက်ရသည်။
တစ်ခဏ အကြာမှာပင် ထိုအမျိုးသမီး၏ ကုတင်မှ စူးစူးဝါးဝါး အော်ဟစ် ငိုယိုသံ တစ်ခု ကြားလိုက်ရသည်။
"အမလေး သမီးရဲ့- အဖြစ်ဆိုးလှချည့်လား၊ ဆေးရုံက ဆင်းခွင့်ရပြီးကာမှ ဘယ်လို အဖြစ်ဆိုးနဲ့ ကြုံရတာလဲကွယ်၊ ဟဲ့.......ဟဲ့"
ငိုသံကို ထောက်ဆကြည့်လိုက်လျှင် ထိုအမျိုးသမီး သေဆုံးသည်မှာ သေချာနေပြီ။ ၎င်းမှာထားသော စကားများကို သတိရမိလိုက်သည်နှင့် ကြောက်စိတ်ကြောင့် ကြက်သီးတဖြန်းဖြန်း ထသွားရင်းဖြင့်ပင် ထိုအမျိုးသမီး၏ မှာထားချက်များကို သွား၍ ပြောလိုက်ရသေး၏။ သူတို့တွေ မယုံသလို ယုံသလို မျက်နှာပေးနှင့် ကြည့်နေသဖြင့် 'ယုံတာ မယုံတာ သူတို့အလုပ်၊ မှာထားတဲ့အတိုင်း ပြောရမှာ ငါ့အလုပ်' ဟု သဘောထားပြီး ပြောပြီးသည်နှင့် ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်လာခဲ့လိုက်သည်။
ဘာသာခြား အမျိုးသမီး၏ အလောင်းကို ပိတ်ဖြူနှင့်အုပ်ပြီး ထုပ်ယူသွားသည်နှင့် မြင်ကွင်းက ဒေါ်တင်၏ မျက်စိထဲတွင် ဖျောက်မရအောင် ဖြစ်နေရသည်။ မိုးချုပ်လာသည်နှင့် ကြောက်ရွံ့စိတ်တို့လည်း တဖြည်းဖြည်း များလာသည်။ ကျန် လူနာခန်းများနှင့် အရေးပေါ်ခန်းမှာ ဘာမျှ ဝေးသည်တော့မဟုတ်။
စကားကျယ်ကျယ် ပြောလျင်ပင် ကြားနိုင်လောက်သော အနေထားမှာ ရှိသည်။ ခြောက်ချားသောစိတ်ကို ဖြေဖျောက်ရန် အလို့ငှာ တခြားအခန်းမှ လူနာများကို သွားရောက်စကားပြောရင်းဖြင့် အချိန်ဖြုန်းနေလိုက်သည် သို့သော် ညဆယ်နာရီခန့် ရှိသောအချိန်တွင်ကား အိပ်ချိန် ရောက်နေပြီ ဖြစ်သဖြင့် ကိုယ်နေရာကိုယ် အလိုက်တသိ ပြန်နေရတော့သည်။
ဘာသာခြား အမျိုးသမီး မှာခဲ့သော 'ညီမ အခုသေတော့မယ်ဆို တခြားကြောင့် မဟုတ်ဘူး၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ မကောင်းဆိုးဝါးတွေကြောင့်ပဲ' ဆိုသည့် စကားလုံးက ဒေါ်တင်၏ စိတ်နှလုံးကို တစ်ညလုံး ခြောက်ချား စေခဲ့သည်။ ဟိုဒီ လူးလှိမ့်ရင်းဖြင့် ညဆယ့်နှစ်နာရီ ထိုးသွားခဲ့သည်။
ထိုအချိန်မှာပင် မိမိ အခန်းဆီသို့ တရှပ်ရှပ်ဖြင့် လာနေသော ခြေသံကို ကြားလိုက်ရသဖြင့် ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်၍ သေချာကြည့်လိုက်ရာ ဘာကိုမှ မတွေ့လိုက်ရ၊
ကုတင်ပေါ်တွင် အသီးသီး အိပ်ပျော်နေကြသော လူနာများကိုလည်း မှန်,ခန်းစီးမှ အတိုင်းသား မြင်နေရသည်။ ခြေသံပိုင်ရှင်ကို မတွေ့ရဖြစ်နေခြင်းပင်။ မိမိနေသော အရေးပေါ်ခန်းဝ၊ လူဝင်တံခါးနားရောက်တော့ ခြေသံက ခဏ ပျောက်သွားသည်။
လူဝင်တံခါးကလည်း မှန်ကိုသာ တပ်ထားသည်မို့ အပြင်ဘက်ကို အထင်းသား မြင်နေရပါသည်။ ခဏ အကြာမှာပင် လူဝင်တံခါးရှေ့ မိမိ အခန်းဝတွင် စုတ်ပြတ်ပေရေနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အေးစက်စက်ဖြင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားကြီးများကို မြင်လိုက်ရသည်နှင့် ဘယ်လိုက ဘယ်လို ဖြစ်သွားသည် မသိ။
ဒေါ်တင်၏ ညာလက်ညှိုးက ထိုမကောင်းဆိုးဝါး ရှိရာ တည့်တည့်ထိုးလျက် 'သမ္ဗုဒ္ဓေဂါထာ' ကို နှုတ်တက်ရွရွ ရွတ်ဆိုနေမိပါတော့သည်။ ဂါထာတစ်ခေါက် မဆုံးမီမှာပင် စိတ်ပျက်သော အမူအရာနှင့် ပြန်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
မိမိ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ဂါထာကို အရွတ်ရပ်ပြီး နေ့ခင်းမှ သေဆုံးသွားသော ဘာသာခြား အမျိုးသမီး၏ ကုတင်ကို လှမ်းကြည့်မိလိုက်သေး၏။ ထိုအမျိုးသမီး၏ မှာကြားခဲ့သော စကားတို့မှာ သေခါနီး ကယောင်ခြောက်ချား ထင်မိထင်ရာ ပြောခဲ့ခြင်း မဟုတ်သည်မှာတော့ သေချာနေသည်။
မကောင်းဆိုးဝါးကို မိမိ ကိုယ်တိုင် တွေ့လိုက်ရသည် မဟုတ်ပါလား။ ဘာမှတော့ သိပ်ကြာလိုက်သည် မထင်ရ။ စောစောက လူဝင်တံခါးမှပင် အဖြူရောင် အ၀တ်သဏ္ဍာန်ကို တွေ့လိုက်ရသလို ရှိသဖြင့် သေသေချာချာ စိုက်ကြည့် လိုက်မိသည်။ သေချာသွားလေပြီ။
"မသေခင် ကိုယ့်ဘာသာ သရဏဂုံတင်ထားပြီး စွဲမြဲနေဖို့သာ အရေးကြီးတယ်၊ သေပြီးမှ သရဏဂုံတင်နေလို့ကတော့ သေသွားသူအတွက် ဘာမှ အကျိုးမရှိဘူး၊ ကျန်ရစ်တဲ့ မိသားစု အတွက်ပဲ အကျိုးရှိတယ်" ဟူသော ဆရာတော်ကြီးများ၏ အဆုံအမကို သတိရသည်နှင့် ဒေါ်တင်တစ်ယောက် အချည်းနှီး ဖြစ်သော ရုန်းကန်နေသည့်အလုပ်ကို ရပ်လိုက်ကာ-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိ-
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
သံဃံ သရဏံ ဂစ္ဆာမိ-
သံဃာတော် အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
ဟူသော နောက်ဆုံး ဆောက်တည်နေခြင်း အနေဖြင့် အာရုံရရ ရွတ်ဆိုဆောက်တည်လိုက်ရာ သရဏဂုံအဆုံးမှာပင် သရဏဂုံသုံးပါး၏ အစွမ်းသတ္တိကို ကိုယ်တွေ့ ကြုံလိုက်ရသော ဒေါ်တင်တစ်ယောက်ကတော့ အခြားဘာကိုမှ အာရုံမထားနိုင်တော့ဘဲ သရဏဂုံသုံးပါးကိုသာ ဆက်တိုက် ရွတ်ဖတ် သရဇ္ဈာယ်နေတော့ရာ မည်မျှလောက် ကြာသွားသည်မသိတော့။
တာဝန်ကျ သူနာပြုကလေးများနှင့် အခြားအခန်းမှလူနာများ အခန်းထဲ ၀င်လာပြီး ၀ိုင်းဝန်း မေးမြန်း ပြုစုတော့မှပင် အရွတ် ရပ်နိုင်ပါတော့သည်။ ဘေးလူများကတော့ တခြား ဘာကိုမှ မမြင်လိုက်ကြရ။ သရဏဂုံသုံးပါးကို ပက်လက်ကြီး လှန်၊ လက်အုပ်ချီပြီး အသံကျယ်ကြီးဖြင့် ဆက်တိုက် ရွတ်ဖတ်နေသောကြောင့်သာ အထူးအဆန်းဖြစ်ပြီး ၀င်ရောက် မေးမြန်းနေကြခြင်းဖြစ်သည်။
ထိုရက်မှ နောက်တွင်ကား ၎င်းအခန်းထဲတွင် မကောင်းဆိုးဝါး အန္တာရာယ် လုံးဝ ကင်းရှင်းသွားကြောင်း၊ သူကိုယ်တိုင်လည်း ခွဲစိတ်ပြီးသည်အထိ နေခဲ့ရသော်လည်း ဘာအနှောက်အယှက်မှ မတွေ့ရတော့ကြောင်းကို ၀မ်းသာအားရ ပြောပြခဲ့သည်။
(စာရှုသူအပေါင်းလည်း သရဏဂုံအစွမ်းဖြင့် မကောင်းဆိုး အန္တာရာယ်မှ ကင်းဝေးကြပါစေသော်)
မေတ္တာရှင်(ရွှေပြည်သာ) (သရဏဂုံအစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ)
No comments:
Post a Comment