သင်္ခဓမသုတ်ရဲ့အနှစ်ချုပ်ကတော့ မြတ်စွာဘုရားရှင် နာလန္ဒမြို့ သရက်ဥယျာဉ်မှာ သီတင်းသုံးနေတဲ့ အချိန်မှာ နိဂဏ္ဌရဲ့ တပည့်တစ်ယောက် ရောက်လာပါတယ်။ မြတ်စွာဘုရားက " သင့်ဆရာ နိဂဏ္ဌက တပည့်တွေကို ဘယ်တရားဟောသလဲ " လို့ မေးပါတယ်။ ဒီတော့ နိဂဏ္ဌရဲ့တပည့်က " အသက်သတ်သူ မှန်သမျှ အပါယ်ကျ၏၊ သူတစ်ပါး ဥစ္စာ ခိုးသူမှန်သမျှ အပါယ်ကျ၏။ ကာမတို့၌ မှားယွင်းသူ မှန်သမျှ အပါယ်ကျ၏၊ မုသားပြောသူမှန်သမျှ အပါယ်ကျ၏ " လို့ ဟောပါတယ်လို့ ပြန်လျှောက်ပါတယ်။
အသက်သတ်သူမှန်သမျှ အပါယ်ကျ၏ဆိုတဲ့ စကားမဟုတ်တဲ့အကြောင်း ပြုမိတဲ့မကောင်းကံကို ပယ်ပုံအကြောင်းကို အမေးအဖြေနဲ့ ဟောပြထားတာပါ။
ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပြန်ပြန်တွေးပြီး နှလုံး မသာမယာဖြစ်နေရင် အကုသိုလ်ပဲ ထပ်ပွားနေတာပါ။ အတိတ်ကို မတွေးတော့ဘဲ ပစ္စုပ္ပန်တည့်တည့် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ပြီး ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေဖို့ပါပဲ။
ဒါဆို ပြုမိတဲ့ အကုသိုလ်ကံရဲ့ သတ္တိတွေ လျော့လျော့၊ ခွာခွာသွားပါလိမ့်မယ်။ ထင်ရှားတဲ့ ဇာတ်လမ်းဝတ္တုတွေ အများကြီးရှိပါတယ်။ လတ်တလော ခေါင်းထဲပေါ်လာတာကတော့ ဇဋိလသူဌေးလောင်း ဝတ္တုပါ။
သူက ကဿပဘုရားရှင်လက်ထက်မှာ ရွှေပန်းထိမ်သည်ပါ။ သဒ္ဓါတရားလည်းကောင်းသူပါ။ တစ်နေ့တော့ ဇနီးလုပ်သူနဲ့ စကားများ ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်ပြီးစ ထိုင်နေဆဲမှာပဲ ရဟန္တာအရှင်မြတ်တစ်ပါးက ကဿပဘုရားရှင် စံတော်မူပြီး ဓာတုစေတီတည်တဲ့အခါ ရွှေလိုနေတဲ့အတွက် ရွှေလိုနေကြောင်းသိလော့ လို့ မိန့်ပါတယ်။ မိန်းမကို စိတ်ထဲက စိတ်ဆိုးနေတာဆိုတော့ " အရှင်ဘုရားရဲ့ ဘုရား ရေထဲချပစ်လိုက် " လို့ ပြောပစ်လိုက်ပါတယ်။
ဒီစကားသံကြားတော့ ဇနီးလုပ်သူက စိုးရိမ်ထိတ်လန့်သွားပြီး " ရှင်စိတ်ဆိုးချင်ရင် ကျွန်မကို ဆိုးပါ။ ဘာဖြစ်လို့ ဘုရားကို ရန်လုပ်နေတာလဲ " လို့ သတိပေးလိုက်ပါတယ်။
ပါရမီပါခဲ့သူ၊ သတိရှိသူဆိုတော့ ချက်ချင်းပဲ အမှားကိုသိပြီး သံဝေဂဖြစ်သွားပါတယ်။
ရဟန္တာအရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး " အရှင်ဘုရား....တပည့်တော်ကို ခွင့်လွှတ်သည်းခံပါဘုရား " လို့ လျှောက်ပါတယ်။ အရှင်မြတ်က " ဒကာ သင်က ငါ့ကို ပြစ်မှားတာ မဟုတ်ဘူး၊ ဘုရားရှင်ကို ပြစ်မှားတာ ဘုရားရှင်ကိုပဲ ကန်တော့ " လို့ မိန့်ပါတယ်။
ကြောက်ကြောက်လန့်လန့်နဲ့ပဲ " ဘယ်လိုကန်တော့ရမလဲ " လို့ ထပ်မေးပါတယ်။ အရှင်မြတ်ကလည်း ရွှေပန်းအိုး သုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာ ဌာပနာသွင်းပြီး ကန်တော့ဖို့ ဖြေကြားပါတယ်။
ဇဋိလသူဌေးလောင်းလည်း အရှင်မြတ်ပြောတဲ့အတိုင်း ကန်တော့ပါတယ်။ ဒီလိုအကုသိုလ်မျိုးကို နောင် ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုပြီးနေသွားတော့တာပါ။
တကယ်တော့ ဇဋိလသူဌေးလောင်းက သဒ္ဓါတရားကောင်းပြီးသား ပါရမီရှိပြီးသားပါ။ ဒါပေမဲ့ မိန်းမနဲ့ ရန်ဖြစ်ထားတာဆိုတော့ စိတ်ဆိုးနေဆဲမို့ သတိလွတ်ပြောလိုက်မိတာပါ။ စိတ်ဆိုးနေပြီး ဒေါသထွက်နေပြီဆိုရင် အသိတရားတွေက ပျောက်နေတော့တာပါ။ စိတ်ဆိုးနေတုန်း ပြောလိုက်ပြုလိုက်တာတွေဟာ အသိကင်းနေတဲ့အတွက် မှားတာ များပါတယ်။ ဇဋိလသူဌေးလောင်းရဲ့ဖြစ်စဉ်ကိုကြည့်ပြီး ကိုယ်စိတ်ဆိုးနေတုန်းလည်း စကားမပြောသင့်သလို သူတစ်ပါးစိတ်ဆိုးနေတုန်းလည်း သွားမပြောသင့်ပါဘူး။ စိတ်ဆိုးပြေမှ ပြောကြပြုကြတာတော့ အကောင်းဆုံးပါပဲ။
ဇဋိလသူဌေးလောင်းဟာ အမှတ်တမဲ့ အသိမဲ့ပြီး ပြောလိုက်တဲ့ အကုသိုလ်ကံကြောင့်ပဲ ခုနှစ်ဘ၀ ရေမျှောခံခဲ့ရပါတယ်။ နောက်ဆုံး ဂေါတမဘုရားရှင်လက်ထက်မှာလည်း ရေမျှောခံခဲ့ရပါတယ်။
ဒါပေမယ့် ပါရမီပါခဲ့သူဆိုတော့ အသက်ကယ်မယ့်သူကတော့ ပေါ်ပေါ်လာခဲ့ပါတယ်။
တကယ်လို့သာ မကန်တော့ဘူး၊ အရှင်မြတ်ကိုလည်း ဒေါသအလျှောက် မချေမငံစကားတွေနဲ့ ထပ်ဆင့် ထပ်ဆင့် ပြစ်မှားလိုက်မယ်ဆိုရင်တော့ အပြစ်က ကြီးသထက် ကြီးသွားပါလိမ့်မယ်။
ဒီနေရာမှာ အပြစ်ကို ပြုမိပေမယ့် အကုသိုလ်ကို အကုသိုလ်မှန်း သိသူရယ်၊ အကုသိုလ်ကို အကုသိုလ်မှန်း မသိသူးရယ်ဆိုပြီး ကွာသွားတာပါ။ ဆိုင်ရာမဂ်တစ်ခုခု မရသေးသရွေ့တော့ ပုထုဇဉ်တစ်ယောက်ဟာ အချိန်တိုင်း မှားနိုင်ပါတယ်။ သတိရှိဖို့ သိပ်အရေးကြီးပါတယ်။
ဇဋိလသူဌေးလောင်းရဲ့ ပြစ်မှားတဲ့အကုသိုလ်က ဘုရားရှင်နဲ့ ရဟန္တာမြတ်ဆိုတဲ့ ဂုဏ်ကြီးသူဖြစ်နေလို့ပါ။ တခြားအကုသိုလ်တစ်ခုခုဆိုရင်တော့ အကုသိုလ်သတ္တိတွေက ဒီထက်မက လျော့ချင်လျော့သွားမှာပါ။
ပုထုဇဉ်တစ်ယောက်ရဲ့ဘဝဟာ အချိန်မရွေး အကုသိုလ်ဖြစ်နိုင်တာဆိုတော့ တရားအသိက တော်တော်လေးရှိနေကာမှ တော်ကာကျတာပါ။ ဒီတရားအသိတွေရဖို့ စာဖတ်တာတို့ တရားနာတာတို့ကို အလုပ်တစ်ခုလိုကို လုပ်နေရမှာပါ။
တကယ်လို့ အကုသိုလ်ပြုခဲ့မိရင်လည်း အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ကုစားတတ်ဖို့ပါ။
မထူးတော့ပါဘူးဆိုပြီး အကုသိုလ်တွေပဲ ဆက်ကာ ဆက်ကာ ပြုနေရင်တော့ ဘဝက နစ်သထက်နစ်သွားပါလိမ့်မယ်။
ကဲ.......စာဖတ်သူ ဘဝမှာ မလွှဲမရှောင်သာ အကုသိုလ်တစ်ခုကို ပြုမိတယ်ဆိုပါစို့။ ဒါဆိုရင် ပြုမိတဲ့ အကုသိုလ်ကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေသာ စုံနိုင်သမျှ စုံအောင် ဆက်ကာ ဆက်ကာ သာပြုနေလိုက်ပါတော့။ ဒါဟာ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်လိုက်တာပါပဲ။
ရဝေနွယ်(အင်းမ) (ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ)
No comments:
Post a Comment