တစ်ခါတုန်းက ကောသလတိုင်းအတွင်းမှာရှိတဲ့ တောအုပ်တစ်ခုထဲမှာ ဆရာရဟန်းရယ်၊ တပည့် ရဟန်းငယ် တစ်ပါးရယ် ရှိပါတယ်။ တပည့်ရဟန်းငယ်က နေ့ပိုင်းမှာ ဆရာရဲ့ နေ့သန့်ရာနေရာကို တံမြက်လှည်းတာ၊ ဆရာကြွလာတဲ့ သပိတ် သင်္ကန်းလှမ်းယူတာ၊ ဆရာကို ယပ်ခတ်ပေးတာ၊ သောက်ရေကပ်တာ၊ ခြေဆေးပြီး ဆီနဲ့သုတ်လိမ်းပေးတာ စသည်ဖြင့် ဝေယျာဝစ္စတွေလုပ်ပေးပါတယ်။ ပြီးတော့မှ ဆရာ့ဆီက စာသင်ယူပြီး နေ၀င်တဲ့အချိန်အထိ စာကျက်ပါတယ်။
နေ၀င်တဲ့အခါကျတော့ တစ်ခါဆရာ့အတွက် ရေချိုးဖို့ ရေသယ်တာ၊ ဆောင်းရာသီဆိုရင်လည်း မီးဖိုပြင်ပေးတာ၊ ရေချိုးပြီးထွက်လာတဲ့ ဆရာ့ရဲ့ ခြေထောက်ကို ရေသုပ်ပေးတာ၊ နှိပ်နယ်ပေးတာ စသည်ဖြင့် ဝေယျာဝစ္စတွေကို ထပ်လုပ်ပေးပြန်ပါတယ်။ ပြီးတော့မှ ဆရာ့ဆီက စာသင်ပြီး ညဥ့်နက်တဲ့အထိ စာကျက်တော့တာပါ။
စာကျက်ပြီးတဲ့အခါ ကျိန်းစက်ပါတယ်။ တစ်ခါမနက်အရုဏ်တက်တော့ စာကျက်ပြန်ပါတယ်။
ရဟန်းငယ်စာကျက်တဲ့အခါ ဘာထူးခြားသလဲဆိုတော့ ကိုယ့်ရဲ့စာကျက်သံကို ကိုယ်ပြန်ပြီး ၀ိပဿနာရှုတာပါ။
ဒီလိုနဲ့ နေ့စဉ် နေ့စဉ် ကိုယ့်ရဲ့ စာကျက်သံကို ၀ိပဿနာရှုလာရင်း တစ်နေ့မှာတော့ ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြစ်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရသွားပါတော့တယ်။
ရဟန်းငယ်ရဲ့စာကျက်သံကို တောစောင့်နတ်က အမြဲနာကြားနေတာပါ။ ရဟန္တာဖြစ်သွားတော့ ရဟန်းငယ်ရဲ့စာကျက်သံ မကြားရတော့ပါဘူး။ ရဟန်းငယ်က ပရိယတ်ဘက်မှာ ကြောင့်ကြမှုမရှိတော့ဘဲ ဖလသမာပတ် ချမ်းသာကိုပဲ ၀င်စားပြီး ဆိတ်ငြိမ်ချမ်းသာစွာနေတော့တာပါ။
တောစောင့်နတ်က ရဟန်းငယ် ရဟန္တာဖြစ်သွားတာကို မသိပါဘူး။ ဒါကြောင့် တောစောင့်နတ်က ရဟန်းငယ်ကို " ဘာဖြစ်လို့ စာမကျက်တော့တာလဲ " လို့ လာမေးပါတယ်။ ဒီတော့ ရဟန်းငယ်က အကျိုးသင့်အကြောင်းသင့် ပြန်ပြောပြလိုက်ပါတယ်။
(သဂါထာဝဂ်သံယုတ်ပါဠိတော်နှင့် အဋ္ဌကထာ၊ သဇ္ဈာယသုတ်)
တရားထူးလိုချင်တဲ့ သူတွေအတွက် သိပ်အားကျဖို့ ကောင်းတဲ့ ၀တ္ထုလေးပါ ၀ိပဿနာဆိုတာ နေရာတိုင်းမှာ အိပ်နေချိန်ကလွဲလို့ စိတ်ကြိုက်ရှုမှတ်လို့ ရနေတယ်ဆိုတာ ဒီဝတ္ထုလေးက သက်သေပြနေတာပါ။
တော်တော်များများက သူတစ်ပါးအသံကိုတော့ ၀ိပဿနာရှုဖူးကြမှာပါ။ ကိုယ့်အသံကိုကျတော့ ရှုဖူးသူ နည်းပါလိမ့်မယ်။ သူတစ်ပါးအသံကို ၀ိပဿနာရှုမှတ်လို့ ရသလို ကိုယ်အသံကိုလည်း ရှုလို့ရတယ်ဆိုတာ ယောဂီတွေအတွက် ဗဟုသုတအားတစ်ခုပါပဲ။
တစ်ခုတော့ရှိပါတယ်။ စာတွေထဲမှာပါတဲ့ တရားထူ တရာမြတ်တွေ လျှင်လျှင်မြန်မြန် ရသွားကြတယ်ဆိုတာ သံသရာအဆက်ဆက်က ဖြည့်ခဲ့တဲ့ပါရမီတွေရယ်၊ ကမ္မဋ္ဌာန်းပြပေးတဲ့ဆရာက မြတ်စွာဘုရားရှင် ဒါမှမဟုတ် ရဟန္တာအရှင်မြတ်တစ်ပါးပါး ဖြစ်နေတာရယ်လည်း ပါပါတယ်။ ဒီတော့ တရားထူး တရားမြတ်တွေက " ဒိုင်းကနဲ " " ဒိုင်းကနဲ " နဲ့ ရသွားကြတော့တာပါ။
တကယ်လို့ တရားထူး တရားမြတ်မရသေးဦးတော့ ကိုယ့်ရဲ့ရှုမှတ်မှုဟာ အနာဂတ်ကာလအတွက် ပါရမီတွေဖြည့်နေတာပါ။ မရလို့ အရှုံးဆိုတာ မရှိပါဘူး။ ပြီးတော့ ရှုမှတ်နေစဉ်ကာလမှာ စိတ်ကလေးက ငြိမ်းအေးနေပြီး ဘ၀ရဲ့ " အနှစ်နဲ့အကာ " " အဓိကနဲ့ သာမည " တွေကို ခွဲခြားသိပြီး ဘ၀ကို ဘယ်လိုနေရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိသိနေတာပါ။ ဒီတော့ အကုသိုလ်ပြုဖို့ အာရုံကြုံလာဦးတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီးသား ဖြစ်ဖြစ်နေတော့တာပါ။ ဒါ ၀ိပဿနာရှုမှတ်ခြင်းရဲ့ လက်တွေ့အကျိုးတွေပါ။
ရဝေနွယ်(အင်းမ) (ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ)
No comments:
Post a Comment