Tuesday, July 3, 2012

မသိငါးမျိုး သိတစ်မျိုး

လူတိုင်း လူတိုင်း မွေးလာပြီးရင် မသေတဲ့လူ မရှိပါဘူး။

ဘာလို့ သေရတာလဲလို့မေးရင် ကျောက်ကပ်ကြောင့်လည်း မဟုတ်ပါဘူး၊ နှလုံးကြောင့်လည်း မဟုတ်ပါဘူး၊ သေတဲ့ဓာတ်ကိုက ပါလာလို့ပါပဲ။
အဲဒီ သေတဲ့ဓာတ်ကို မိမိတို့ကိုယ်တိုင် ဉာဏ်နဲ့ မြင်ရင် သေမင်းဆိုတာ အချွန်အတက်တွေနဲ့ သေမင်း မဟုတ်ဘူး၊ ဉာဏ်အသိနဲ့ မြင်ရတဲ့သေမင်း ဖြစ်ပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက သေမင်းနဲ့ ပတ်သက်ပြီးတော့ သိစရာတွေကို ငါးမျိုး ဟောခဲ့တာပါ။

သေတဲ့ဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။

အဖေတွေ၊ အမေတွေ ကိုယ့်ကို ဘယ်လောက်ချစ်ချစ်သေတဲ့ဓာတ်တွေ ကိုယ့်ကို အမွေပေးခဲ့တာပါ။ ဒီသဘောကို အသိဉာဏ်နဲ့ မြင်ရပါမယ်။

တစ်ယောက်မကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော သတ္တဝါ အပေါင်တို့သည် ဆိုက်ရောက်လာသည့် အခါမရွေး၊ ဤယနေ့၌သော်လည်းကောင်း၊ နံနက်မိုးသောက် အလင်းရောက်လာ နက်ဖြန်ခါ၌သော်လည်းကောင်း သေရမည်ကို ကြီးကြီးငယ်ငယ် ရွယ်ရွယ်မဆို အဘယ်ပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ပိုင်းဖြတ်နှိုင်းချိန်လတ်၍ တပ်အပ်သေချာ ဘယ်မှာ သိနိုင်ပါအံ့နည်း။

သတ္တဝါတိုင်း သတ္တဝါတိုင်း သေမှာပါ။
သေမင်းနဲ့ ပတ်သက်ပြီး မသိတာ ငါးမျိုး ရှိပါတယ်။
(၁)ဘယ်အချိန်မှာ သေမယ် မသိပါဘူး။
(၂)ဘယ်နေရာမှာ သေမယ် မသိပါဘူး။
(၃)ဘယ်နေ့မှာ သေမယ် မသိပါဘူး။
(၄)ဘယ်ရောဂါနဲ့ သေမယ် မသိပါဘူး။
(၅)သေပြီးရင် ဘယ်ရောက်မယ်ဆိုတာ မသိပါဘူး။
ဒါ သေမင်းနဲ့ပတ်သက်တဲ့ မသိနိုင်တဲ့ သဘာဝ ဖြစ်ပါတယ်။

ဒီရောဂါကြီး ဖြစ်နေပေမယ့် တခြားဟာနဲ့ သေချင် သေမှာပါ။ ဒီနေရာမှာ နေပေမယ့် ဒီမှာ သေချင်မှ သေတာ၊ တခြားအရပ်မှာ သေချင် သေတာပါပဲ။

ဘယ်နေ့ သေမှာလဲ မသိဘူး။ ဘယ်နေရာမှာ သေမှာလဲ မသိပါဘူး။ ဘယ်အချိန် သေမှာလဲ မသိဘူး၊ ဘယ်ရောဂါနဲ့ သေမယ်လဲ မသိဘူး။ သေပြီးရင် ဘယ်ရောက်မယ် ဆိုတာလည်း မသိပါဘူး။

သေမင်းနဲ့ ပတ်သက်ပြီး မသိတာ ငါးမျိုး ရှိပေမယ့် သိတာတော့ တစ်မျိုးတည်းပဲ ရှိပါတယ်။

အဲဒါက ဘာလဲဆိုတော့ သေမှာက သေချာတယ်။
ဟောတဲ့သူလည်း သေမှာပဲ။
တရားနာတဲ့သူလည်း သေမှာပဲ။
ရေးတဲ့သူရော ဖတ်တဲ့သူတွေပါ သေမှာပါပဲ။

နမိတ် မရှိ နမာမရှိ ပြောတာ မဟုတ်ပါဘူး။ သေမှာက သေချာပါတယ်။

ဘယ်လို သေမှာလဲ၊ ငါးမျိုးကို မသိပေမယ့် သေမှာ တစ်မျိုးကိုတော့ သိပါတယ်။

သိတဲ့ သေမှာကို ဂရုမစိုက်ဘဲ မသိတဲ့ဟာကို လိုက်ဂရုစိုက်နေတော့ ပင်ပန်းနေတာပေါ့။

သတ္တဝါတိုင်း သတ္တဝါတိုင်း မသေဘူးဆိုတာ မရှိပါဘူး။ သတ္တဝါတိုင်း သေကြပါတယ်။

အသက်ဖြစ်လာရင် နောက်ဆုံးတော့ ဒီလိုပဲ သေကြရပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးလည်း ပရိနိဗ္ဗာန်စံဝင်ရပါတယ်။

ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ (အရှုံးထဲကအမြတ်)

No comments:

Post a Comment