ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ......?
မေးခွန်းရဲ့သဘောလေးကိုပိုပြီး ပြည့်စုံသွားအောင်ကြားဖူးတဲ့ သမ္မပ္ပဓာန်လေးပါးဘက်က လှည့်ပြောရအောင်ပါ။
သမ္မပ္ပဓာန်လေးပါးက-
၁။ ဖြစ်ပြီးတဲ့အကုသိုလ်တွေကိုပယ်ဖို့ အားထုတ်ရမယ်။
၂။ မဖြစ်သေးတဲ့အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်။
၃။ မဖြစ်သေးတဲ့ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးတဲ့ကုသိုလ်တွေကို ပိုပြီးတိုးပွားအောင် အားထုတ်ရမယ်။
မြတ်စွာဘုရားက ဒီလေးပါးကို ပွားများအားထုတ်ရမယ်လို့ ဟောကြားထားပါတယ်။
အောက်ကပဲ စပြောရအောင်ပါ။
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီးတိုးပွားအောင် အားထုတ်ပါတဲ့။
ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီး တိုးပွားဖို့အတွက် ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ ပြန်ပြီးအမှတ်ရနေမယ်၊ ဒါန သီလ ဝိပဿနာတရားတွေ ဆက်ကာ ဆက်ကာ ပြုနေမယ် ပွားနေမယ်ဆိုရင် ဖြစ်ပြီးတဲ့ ကုသိုလ်တွေပိုလို့ တိုးပွားနေတော့တာပါ။ ခက်လားဆိုတော့ မခက်ပါဘူး။
၃။ မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း မခက်ပါဘူး။ မပြုဖူးသေးတဲ့ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေရုံပါ။ မခက်ပါဘူး။
၂။ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း အကုသိုလ်မဖြစ်ရအောင် ကိုယ်နှုတ်စိတ် ကို အထူးစောင့်ထိန်းမယ်၊ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်တွေ မဖြစ်အောင် အားထုတ်နေတာပါ။ မခက်ပါဘူး။
ဒီသုံးပါးကတော့ မေးခွန်းမလိုဘဲ ကိုယ့်ဟာကိုယ် အဖြေက သိပြီးသားပါ။ ပထမသမ္မပ္ပဓာန်သာ မေးစရာဖြစ်နေတာပါ။
ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ်တဲ့။
အကုသိုလ်က ဖြစ်ပြီးပြီပဲ။ ဘာမှလုပ်လို့မှ မရတော့တာ၊ ဒီတော့ ဖြစ်ပြီးတဲ့ ပြုပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ....?
အကုသိုလ်တစ်ခုဟာ ပြုပြီးသွားရင် ကံမြောက် သွားတော့တာပါ။ ကံမြောက်သွားရင် ကံက ကိုယ့်ကို ဧကန် မုချ မကောင်းကျိုးကို ပေးတော့မှာပါ။ ဒီတော့ အကုသိုလ်ကံ အကျိုးပေးမှုသတ္တိတွေ လျော့သွားအောင် ခေါင်းပါးသွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ.....?
ဒါ မေးသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်အများစုဟာ အကုသိုလ်ကို တစ်ခုပဲဖြစ်ဖြစ်၊ တစ်ခုမကဘဲဖြစ်ဖြစ် ပြုဖူးကြတာများပါတယ်။ ပြုပြီးလို့ သတိသံဝေဂ နောင်တရတဲ့အခါ သိပ်စိတ်ဆင်းရဲရတော့တာပါ။ ပြန်ပြန်တွေမိတိုင်း နှလုံးမသာမယာဖြစ်ရတော့တာပါ။
ပြုတုန်းကတော့ ခဏလေးရယ်ပါ။ ပြန်တွေးတိုင်း ခံစားရတာက အချိန်တွေ အများကြီးရယ်ပါ။ တချို့ အကုသိုလ်တွေဆို တစ်သက်စာ ဒဏ်ရာရသွားတဲ့အထိပါပဲ။
လိုရင်းပြန်ကောက်ရရင်တော့ ပြုပြီးတဲ့ အကုသိုလ် ကံ အကျိုးပေးမှုသတ္တိတွေ လျော့သွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ ? စာအတိုင်း တိုက်ရိုက်ပြန်ရင်တော့ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ဘယ်လိုပယ်မလဲ ?။
မြတ်စွာဘုရားရှင် ဖြေကြားထားတဲ့ အဖြေတော်စကားကို ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဇနကာဘိဝံသ က သဂြိုဟ်ဘာသာဋီကာမှာ မြန်မာစကားပြေလှလှလေးနဲ့ ဖြေရေပြထားပါတယ်။ ဆရာတော့် စာသားလေးပဲ ဖတ်ကြည့်လိုက်ပါ။
လောကီကုသိုလ်များ၏ ပယ်ရှားပုံကား " ငါသည် ပါဏာတိပါတမှုကို ပြုမိချေပြီ၊ ထိုပါဏာတိပါတမှုကား မကောင်းဆိုးဝါးလှ၏။ ဤ ပါဏာတိပါတအမှုကို ပြုမိသည့်အတွက် နောက် တစ်ဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်၊ ပူပန်မှုကြောင့် ပြုမိတာလည်း မပြုရာရောက်အောင် မတတ်နိုင် "၊ ဤသို့ ဆင်ခြင်ပြီးလျှင် ထိုပြုမိသော ပါဏာတိပါတမှုကို လုံးလုံး ဂရုမပြုဘဲ ပယ်စွန့်လိုက်၏။ နောက်နောင်အခါလည်း ထိုပါဏာတိပါတမှု မဖြစ်ဖို့ရာ လွန်စွာရှောင်ကြဉ်၏။ ဤသို့သောနည်းအားဖြင့် အားထုတ်သည်ရှိသော်၊ ဖြစ်ပြီး ပါဏာတိပါတအမှုကိုလည်း ပယ်နိုင်၏ ။ ဖြစ်ပြီး ပါဏာတိပါတ နှင့် အလားတူသော ပါဏာတိပါတကိုလည်း စွန့်ပယ်ရာရောက်၏။ [ ဤနည်းကို မှတ်သားထိုက်၏။ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးနိုင်တော့ဘူးဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်၊ ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။ ]
(သဂြိုဟ်ဘာသာဋ္ဋီကာ၊ နှာ - ၅၈၇၊ ၅၈၈)
လိုရင်ကတော့ ပြုပြီးတဲ့ အကုသိုလ်ကို နောင် ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေလိုက်တော့တာပါ။ ဒါဆိုရင် အကျိုးပေးမှုတွေ အဟောသိကံတောင် ဖြစ်ချင်ဖြစ်လောက်ပါတယ်တဲ့။
ရဝေနွယ်(အင်းမ) (ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ)
No comments:
Post a Comment